ဒီးမော့ဆို၊ အောက်တိုဘာ(၂၄)

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စစ်ဘေးရှောင်စခန်းမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မွေးကင်းစကလေးငယ်တစ်ဦး သွေးလန့်သေဆုံးခဲ့ရတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေထံကနေ သိရပါတယ်။

လွိုင်ကော်အမြောက်တပ်နဲ့ ဒီးမော့ဆိုအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ ပြီးခဲ့တဲ့အောက်တိုဘာ တတိယအပတ်အတွင်း လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တဲ့အတွက် ဆီးသူ့တော် စစ်ရှောင်စခန်းအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ၇ ရက်သား မွေးကင်းစ ကလေးငယ်တစ်ဦးဟာ လက်နက်ကြီးရဲ့တုန်ခါမှုကြောင့် သွေးလန့်ပြီး သေဆုံးခဲ့ရတာလို့ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ မွေးကင်းစကလေးငယ်ကို မြေမြှုပ်သဂြိုဟ်ပေးခဲ့သလို မိဘဖြစ်သူတွေကိုတော့ ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့ပေးထားတယ်လို့ ဆိုပါတယ်။

သံလွင်တိုင်မ်းက လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ ကယားပြည်နယ်အတွင်းမှာ အခုနှစ်အတွင်းလမစေ့ဘဲ ကလေးမွေးဖွားပြီး သေဆုံးတာ၊ လက်နက်ကြီးကြောင့် ကလေးသေဆုံးမှုဖြစ်စဉ် ၁၀ ခုထက်မနည်းရှိနေပါတယ်။

ကယားပြည်နယ်အတွင်းက ကလေးငယ်တွေဟာ အာာဏာသိမ်းကာလအတွင်း လက်နက်ကြီးအပြင် အာဟာရမပြည့်ဝတာ၊ ကျန်းမာရေးစောင့်ရှောက်မှု မရတာကြောင့် မသေဆုံးသင့်ဘဲ သေဆုံးတာတွေ ရှိနေတယ်တယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ဆိုကြပါတယ်။

အဲဒီထဲမှာ စစ်ဘေးရှောင်စခန်းနဲ့ ကျေးလက်ဒေသတွေမှာ ကိုယ်ဝန်အမျိုးသမီးတွေနဲ့ လသားကလေးတွေသေဆုံးမှုဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပိုများလာတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံးက ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.