မြိတ်၊ အောက်တိုဘာ(၂၂)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပေမယ့် စခန်းသိမ်းခါနီး ကျည်မလောက်တဲ့အတွက် ပြန်ဆုတ်ခဲ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

တပ်အင်အား ၂၀ ကျော် တပ်စွဲထားတဲ့ တုံးဗျောကြီးတပ်စခန်းကို အောက်တိုဘာ ၂၀ ရက်နေ့ မနက် ၅ နာရီအချိန်လောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင်တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်က စီးနင်းတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲအချိန် ၂ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦး ထက်မနည်း သေဆုံးသွားခဲ့ပေမယ့် ကျည်မလောက်တာကြောင့် စခန်းမသိမ်းနိုင်ဘဲ တပ်ပြန်ဆုတ်ခဲ့ရတယ်လို့ မြေပြင်တိုက်ပွဲမှာပါဝင်တဲ့ ရဲဘော်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အဲဒီဖြစ်စဉ်ပြီးနောက် မြိတ်မြို့ကနေ စစ်ကူလာတဲ့ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီယာဉ်တန်းကို မဇောကျေးရွာအနီးမှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

စစ်ကူစစ်ကြောင်းဟာ ညနေပိုင်းမှာ တုံးဗျောကြီးတပ်စခန်းထံ ရောက်ရှိသွားပြီးနောက် လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

တုံးဗျောကြီးတပ်စခန်းဟာ အာဏာသိမ်းကာလအတွင်း ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရပြီး အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ဒေသကာကွယ်ရေးတပ်ဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.