တနင်္သာရီ၊ အောက်တိုဘာ(၂၂)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာအခြေစိုက် ချမ်းမြေ့ပါရမီ လူမှုကူညီရေး အသင်းသားတစ်ဦးဟာ စစ်ကောင်စီတပ်ဖမ်းဆီးပြီးနောက် စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အသက် ၂၈ နှစ်အရွယ် ကိုအောင်ကျော်နိုင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ သာရဘွင်ကျေးရွာက အရေးပေါ်လူနာကို မြိတ်ဆေးရုံသို့ သွားရောက်ပို့ဆောင်ပြီးအပြန် မြိတ်-တနင်္သာရီလမ်းပိုင်း ဇဝဲလမ်းဆုံမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရပြီးနောက် အောက်တိုဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီတပ်က ကိုအောင်ကျော်နိုင် သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုထံအကြောင်းကြားလာခဲ့တာပါ။

အဲဒီနောက် ကိုအောင်ကျော်နိုင်ရဲ့ ရုပ်အလောင်းကို မိခင်ဖြစ်သူတစ်ဦးတည်းသာ ကြည့်ရှု့ခွင့်ရခဲ့ပြီး အလောင်းပြန်မပေးဘဲ စစ်ကောင်စီတပ်က သဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံအဆိုအရ ကိုအောင်ကျော်နိုင်ဟာ နိုင်ငံရေးကိစ္စတွေနဲ့ပတ်သက်သူမဟုတ်ဘဲ ပရဟိတစိတ်ရှိသူဖြစ်တာကြောင့် စီးပွားရေးတောင်မလုပ်ဘဲ လူမှုကူညီရေးကိစ္စတွေကိုသာ အဓိကထား လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP) ရဲ့ ထုတ်ပြန်ချက်အရ တနင်္သာရီတိုင်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁၇၆ ဦး သေဆုံးထားတယ်လို့ အောက်တိုဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.