နမ့်ဆန်ယန်၊ အောက်တိုဘာ(၂၂)

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီရဲ့ တပ်စခန်းနှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။

KIA တပ်မဟာ ၆ လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ၁၉ ရက်နေ့ မနက် ၆ နာရီမှာ ရှမ်းမြောက်ရှိ မုံးကိုးမြို့ရဲ့ အနောက်တောင်ဘက် ၁၀ မိုင်အကွာမှာရှိတဲ့ နမ့်ကွတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် အင်အားအလုံးအရင်းနဲ့ တစ်ပတ်ကျော်ကြာတိုက်ခိုက်ခဲ့တဲ့ ကချင်ပြည်နယ်၊ဝိုင်းမော်မြို့၊ နမ့်ဆန်ယန်ရွာအနီးရှိ လဲလုံစခန်းကိုလည်း အောက်တိုဘာ ၂၀ ရက်နေ့မှာ KIA က သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“အဲဒီစခန်းကို ကျွန်တော်တို့ KIA နဲ့ တပ်ပေါင်းစုတွေ ဝင်သိမ်းတဲ့ဖြစ်စဉ်ရှိပါတယ်။ အောက်တိုဘာ ၁၈ ၁၉ မှာပေါ့။ မနေ့က အောက်တိုဘာ ၂၀ မှာ နမ့်ဆန်ယန် လဲလုံစခန်းတွေကို ဝင်သိမ်းတဲ့ ဖြစ်စဉ်တွေရှိပါတယ်။ အဲဒီလဲလုံစခန်းမှာလည်းပဲ ကျွန်တော်တို့ KIA နဲ့ တပ်ပေါင်းစုတွေ အားလုံးပူးပေါင်းပြီးဝင်တိုက်လို့ သိမ်းဆည်းရမိတဲ့ဖြစ်စဉ်တွေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

နမ့်ကွတ်စခန်း လက်လွှတ်လိုက်ရတဲ့ ဖြစ်စဉ်အပေါ် စစ်ကောင်စီ သတင်းထုတ်ပြန်ချက်အရ KIA နဲ့ ပူးပေါင်းအဖွဲ့တွေက နေရာ ၃ နေရာကနေ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့မှုကြောင့် တပ်ဖွဲ့ဝင်တွေက ညနေ ၄ နာရီလောက်မှာ စခန်းကနေဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြပါတယ်။

စခန်းသိမ်းခံရမှုအပေါ် စစ်ကောင်စီက KIA တပ်မဟာ ၆ ကို လေကြောင်းပစ်ကူ အမြောက်ပစ်ကူတို့နဲ့ တုံ့ပြန်တိုက်ခိုက်မှုကြောင့် KIA တပ်ဖွဲ့ဝင် အလောင်းတချို့နဲ့အတူ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် KIA တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးသွားတာရှိပြီး လက်နက်ခဲယမ်းသိမ်းဆည်းရမိတာတော့ လုံးဝမှန်ကန်မှုမရှိဘူးလို့ တုံ့ပြန်ပါတယ်။

“မနေ့က သူတို့က ကျွန်တော်တို့ တပ်မဟာ ၆ ဌာနချုပ်ကို လေကြောင်းကနေ အမြှောက်ကနေပစ်ပြီးမှ တိုက်ခိုက်ခံရပါတယ်။ အဲဒီနေရာမှာ ကျွန်တော်တို့ ဝန်ထမ်းတွေ ၄ ဦး ကျဆုံးသွားတာ ရှိပါတယ်။ ဒါပေမယ့်သူတို့က လက်နက်ခဲယမ်းတွေပြန်ပြီး သိမ်းဆည်းရမိတယ်ဆိုတာတော့ လုံးဝမှန်ကန်မှု မရှိဘူး။ ဘာကြောင့်လဲဆို သူတို့ကမြေပြင်ကနေ စစ်ကြောင်းထိုးတာမရှိလို့ပါ။ (သေဆုံးသွားသူ) အရာရှိ ဟုတ်၊ မဟုတ်ကိုတော့ ကျွန်တော်တို့ သတင်းဌာနကို သတင်းပေးတာမရှိဘူး။ ဒါကြောင့် ကျွန် တော်က ဒါကိုအတည်ပြုပြောလို့မရဘူး”လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့ မနက် ၃ နာရီနဲ့ ၄ နာရီကြားအထိ စစ်ကောင်စီက လက်လွှတ်ခဲ့ရတဲ့ လဲလုံစခန်းကို လေကြောင်းကနေတိုက်ခိုက်တာရှိသလို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာရှိပြီး မြေပြင်တိုက်ပွဲအနေနဲ့ သံလွင်တိုင်းမ်က မေးမြန်းချိန် မနက် ၁၁ နာရီအထိ မရှိသေးဘူးလို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီဘက်က စခန်းပြန်လည်ရရှိရေး လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူတွေနဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ စုံစမ်းသိရှိရခြင်း မရှိသေးဘဲ ရှေ့လျှောက် နှစ်ဖက်စစ်ရေးတင်းမာမယ့် အနေအထားလို့ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ပါတယ်။

ဗန်းမော်-ဝိုင်းမော်ကားလမ်းထိန်းစခန်းအဖြစ် လဲလုံစခန်းကို KIA ကနေ အခုနှစ် ဇူလိုင် ၈ ရက်နေ့ကစပြီး အောက်တိုဘာ ၂၀ ရက်နေ့အထိ ၈၁ ကြိမ်တိုင် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာအနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ကလေးတွေအပါဝင် အရပ်သား ၂၉ သေဆုံးပြီး ၅၇ ဒဏ်ရာရရှိခဲ့ကာ အဲဒီဖြစ်စဉ်ပြီးနောက် နှစ်ဖက်စစ်ရေးပိုမိုတင်းမာနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KIA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.