မော်လမြိုင်၊ အောက်တိုဘာ(၂၂)
မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်ထဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ရာသီအကူအပြောင်းကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ဖျားနာတာတွေ ရှိနေပေမယ့် နိုင်ငံခြားဆေးဝါးပေးပို့ခွင့် ကန့်သတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေဟာ ရာသီအကူအပြောင်းကြောင့် ဖျားနာတာ၊ နှာစေးတာ၊ ချောင်းဆိုးတာ၊ အပူအကျိတ်ပေါက်တာတွေနဲ့ မသန့်ရှင်းတဲ့ရေတွေကိုသာ အသုံးပြုနေရတဲ့အတွက် ယားနာရောဂါတွေ အစုလိုက်အပြုံအလိုက် ဖြစ်ပွားတာတွေ ရှိနေပါတယ်။
ရောဂါဖြစ်ပွားနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေက နိုင်ငံခြားဆေးဝါးပေးပို့တဲ့နေရာမှာ စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်ဝန်ထမ်းတွေက ပေးပို့ခွင့်ကန့်သတ်ထားသလို မြန်မာဆေးဝါးတွေကိုသာ အကန့်အသတ်နဲ့ လက်ခံနေတာပါ။
“ပြင်ပကနေ အင်္ဂလိပ်ဆေး လှူဒါန်းခွင့်လည်း ပိတ်ထားတယ်။ ဒီတော့မိသားစုတွေကို မြန်မာဆေးမှာရတယ်။ မြန်မာဆေးကလည်း ဖန်ပုလင်းနဲ့ဆိုရင်မရဘူး။ ကော်ဗူးနဲ့ ပြောင်းထည့်ပေးရတယ်။ ကော်ဗူးနဲ့ မူရင်းထုတ်တဲ့ ဆေးတွေဆိုရင်တော့ သူက (၂)ဗူးခွင့်ပြုတာပေါ့။ အနည်းအကျဉ်းဖြစ်ရင် တစ်ယောက်ကိုတစ်ယောက် အိမ်ကပို့ထားတဲ့ မြန်မာဆေးဗူးတွေထည့်ကြ။ သောက်ဆေးဆိုလည်း မြန် မာဆေးလေးတွေ သောက်ကြပေါ့။ အဲဒီလိုမျိုးနဲ့ပဲသွားနေရတာပေါ့။ ထိထိမိမိနဲ့ ထဲထဲဝင်ဝင် ဆေး ဝါးကုသမှုဆိုတာ အကျဉ်းဦးစီးမှာအကျဉ်းထောင်မှာ မရှိပါဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင် တခြားနာတာရှည် ရောဂါသည်တွေဖြစ်တဲ့ ဆီးချိုနဲ့သွေးတိုးသမားတွေကလည်း ရေရှည်သောက်သုံးရမယ့် နိုင်ငံခြားဆေးဝါးတွေမရတဲ့အတွက် အခက်ကြုံနေရသလို ရောဂါဖြစ်လို့သွားပြောရင် ထောင်အာဏာပိုင်တွေက ပါရာစီတမောနဲ့ ဘာမီတွန်ကိုသာ ပေးဆောင်နေတယ်လို့ သူကဆက်ပြောပါတယ်။
အကျဉ်းထောင်လက်စွဲ ဥပဒေ အခန်း(၈) ပုဒ်မ ၃၇ ၊ ၃၈ ၊ ၃၉ အရ အကျဉ်းသားတွေဟာ ထိုက်သင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို မဖြစ်မနေဆောင်ရွက်ပေးရမယ်လို့ ပြဌာန်ထားပေမယ့် စစ်ကောင်စီလက်ထက်မှာ ကျန်းမာရေးစောင့်ရှောက်မှု လုံးဝနီးပါးဆုံးရှုံးနေတာပါ။
အကျဉ်းထောင်ထဲမှာ ထောင်တွင်းဆေးရုံရှိပေမယ့် ထောင်ဆရာဝန်တွေ လာရောက်တာ မရှိသလောက် နည်းပါးနေတာကြောင့် အကျဉ်းသားတွေဟာ ကျန်းမာရေးမကောင်းပါက ကိုယ့်အချင်းချင်းသာရှိတဲ့ ဆေးဝါးတွေနဲ့ ပြန်လည်ကုသပေးနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လတွေကစပြီး အစားအသောက် ပို့ဆောင်ခွင့် ကန့်သတ်ခံနေရတဲ့ နိုင်ငံအကျဉ်းသားတွေဟာ အခုအခါမှာတော့ ဆေးဝါးပေးပို့ခွင့်ပါ ထပ်မံကန့်သတ်ခံရတာကြောင့် ထောင်တွင်းကျန်းမာရေးဆိုးရွားလာမှာကို မိသားစုဝင်တွေ စိုးရိမ်နေတာကြတာပါ။
ကျန်းမာရေးစောင့်ရှောက်ခွင့်မရတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မွန်ပြည်နယ် သထုံမြို့နယ် ဈေးမသွယ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ကူညီဆောင်ရွက်နေသူတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media