ရေဖြူ၊ အောက်တိုဘာ(၂၁)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ထဲကို စစ်ကောင်စီတပ်ကနေ အင်အားအလုံးအရင်းနဲ့ စစ် ကြောင်းထိုးလာတာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်တွေနဲ့ တော်လှန်ရေးအင်အားစုထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကစပြီး တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ရေဖြူမြို့နယ်ထဲကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ထိုးစစ်ဆင် ဝင်ရောက်လာတာပါ။

စစ်ကြောင်းဝင်လာတာကြောင့် ရေဖြူမြို့နယ် ဧကနိ၊ ခမောက်ချောင်း၊ ဝက်ချောင်း၊ ဝါဇွမ်းတော၊ ရလိုင်၊ ပုဂေါဇွန်း၊ မူးဒူးစတဲ့ကျေးရွာတွေက ဒေသခံ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို ထပ်မံထွက်ပြေး တိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာချိန် ကင်းတဲတံတားအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထိ ခိုက်သေဆုံးမှု ဆက်လက်စုံစမ်းနေတယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ ဒီနေ့ အောက်တိုဘာ ၂၀ ရက်နေ့ မနက်ပိုင်းမှာ မူးဒူးကျေးရွာဘက် ရောက်ရှိလာပြီး ဈေးထွက်ရောင်းတဲ့ အမျိုးသား ၁ ဦးကို ပစ်သတ်သွားပြီး ဒေသခံ ၃ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာပထမအပတ်ကမှ နေရပ်ပြန် လာကြတဲ့ စစ်ရှောင်တွေဖြစ်ပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ထပ်မံထွက်ပြေးနေရတာပါ။

လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ စက်တင်ဘာ လအတွင်း တနင်္သာရီတိုင်းမှာ နှစ်ဖက်တိုက်ပွဲ အကြိမ် ၅၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေကြောင့် ဒေသခံ ၄၅,၀၀၀ ကျော် စစ်ရှောင်ခဲ့ရတယ်လို့ အောက်တိုဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.