နေပြည်တော်၊ အောက်တိုဘာ(၂၁)
အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံသားတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက် (Biographic) နဲ့ ဇီဝအချက်အလက် (Biometric) ကောက်ယူနေမှုတွေကို တိုင်းနဲ့ပြည်နယ်တချို့မှာ ဆက်တိုက်လုပ် ဆောင်လာနေပါတယ်။
လူမှုစီးပွားဘဝ အဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်နိုင်ရေးဆိုပြီး ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ မိသားစုတွေ၊ အရပ်သားပြည်သူတွေကို စမတ်ကဒ်ထုတ်ပေးဖို့ ရှေ့ပြေးလုပ်ငန်းစဉ်အနေနဲ့ Biometric Data ကောက်ယူရတာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ သတင်းဖော်ပြချက်အရ ကောက်ယူထားတဲ့ အချက်အလက်တွေကို e-ID စနစ်နဲ့ National Database မှာ သိမ်းဆည်းပြီး နိုင်ငံသားတစ်ဦးချင်းစီကို ဂဏန်း ၁၀ လုံးပါတဲ့ Unique ID နံပါတ်ပါ ကတ်ပြားတွေကို နေ့ချင်းထုတ်ပေးတာပါ။
ထုတ်ပေးထားတဲ့ Unique ID နံပါတ်ဟာ e-Government Application တွေနဲ့ တွဲဖက်အသုံးပြုနိုင်ဖို့ အခြေခံကျတဲ့စနစ်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးနဲ့ အခြားလူမှုရေး ဝန်ဆောင်မှုလုပ်ငန်းတွေ လျှောက်ထားရာမှာ အလွယ်တကူ လျှောက်ထားနိုင်မယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်စတဲ့ မြို့နယ်တချို့လောက်မှာသာ ကောက်ယူနေပြီး သက်ဆိုင်ရာ မြို့နယ်အတွင်း နေထိုင်သူအားလုံးကို ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။
စစ်ကောင်စီရဲ့ လဝကလုပ်ငန်းစဉ်တွေကို စောင့်ကြည့်လေ့လာသူတစ်ဦးကတော့ စမတ်ကတ်နဲ့ ကွန် ပျူတာနည်းပညာကို အသုံးပြုပြီး စစ်ဆေးတဲ့ပုံစံမျိုးလုပ်ဖို့ စစ်ကောင်စီဘက်က အစီအစဉ်ရှိပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံ အခြေအနေနဲ့ မဖြစ်နိုင်သေးဘူးလို့ သုံးသပ်ပါတယ်။
“လက်ရှိမှာတောင် ဌာနဆိုင်ရာတွေတောင်မှ ကောင်းကောင်းပြီးအောင် မလုပ်နိုင်သေးတဲ့အခါမှာ ပြည်သူလူထုဆီရောက်ဖို့ အရမ်းခက်ခဲတယ်။ သူတို့ကြေညာတဲ့ မြို့နယ်မှာလည်း ပြည်သူလူထုဆီ မရောက်သေးဘူး။ ဒေတာတွေ ကောက်ပြီးသွားပြီ၊ လုပ်ပြီးသွားပြီဆိုတဲ့ဟာကလည်း တကယ့်ပြည် သူလူထုဆီ မရောက်သေးဘူး။ စမတ်ကတ်တစ်ခုဆိုတာ နောက်ပိုင်းကွန်ပျူတာနည်းပညာနဲ့ စစ် ဆေးလို့ရတဲ့ ပုံစံမျိုးတွေ လုပ်မယ်ဆိုတဲ့ အစီအစဉ်တွေရှိတယ်။ အဓိကတော့ မှတ်ပုံတင်စစ်တဲ့ပုံစံမျိုး စမတ်ကတ်စစ်မယ်။ ဒါတွေကလည်း လက်ရှိကျွန်တော်တို့ နိုင်ငံရဲ့ ဖွံ့ဖြိုးဆဲနိုင်ငံအခြေအနေနဲ့ကတော့ မဖြစ်နိုင်သေးဘူး”လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အီလက်ထရောနစ်မှတ်ပုံတင်စနစ် e – ID တည်ဆောက်ဖို့ ပြီးခဲ့တဲ့ NLD အစိုးရလက် ထက်မှာ အကောင်အထည်ဖော် ကြိုးပမ်းခဲ့တာရှိပြီး စစ်တပ်အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းခဲ့ရာကနေ ၂၀၂၂ ခုနှစ်မှာတော့ စစ်ကောင်စီက ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ပြည်သူကို ထိရောက်တဲ့ဝန်ဆောင်မှုအဖြစ် National ID Smart Card ကို ဥပဒေနဲ့အညီ ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။
နိုင်ငံသားစိစစ်ရေးကတ်တွေကို စက္ကူကနေ စမတ်ကတ်အဖြစ်ပြောင်းရာမှာ အရင်ကတည်းက ဖြည့်ထားတဲ့ အချက်အလက်တွေအပြင် ထပ်တိုးထားတဲ့ကိုယ်ရေးအချက်အလက်တွေ လက်ဗွေ၊ မျက်နှာ၊ မျက်လုံးစကင်ဖတ်တာတွေပါ လုပ်ဆောင်နေပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကတော့ စစ်ကောင်စီအနေနဲ့ စမတ်ကတ်ကို ဦးတည်တာထက် ပြည်သူတွေကို ပုံစံမျိုးစုံ၊ နည်းပေါင်းစုံနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စမတ်ကတ်ကို ဦးတည်တာထက် နိုင်ငံသားတိုင်းတစ်ဦးချင်းစီရဲ့ Biography ကို ယူထားပြီးတော့ ထိန်းချုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုပဲ ကျွန်တော်တို့က မြင်တယ်။ လောလောဆယ် နိုင်ငံသားစိစစ်ရေး စက္ကူကတ်တောင်မှ ဘာသာခြားမပြောနဲ့ ဗုဒ္ဓဘာသာဝင်တွေတောင် တော်တော်များများ မရကြသေးဘူး။ စမတ်ကတ်ထက် ပြည်သူလူထုကို ပုံစံမျိုးစုံနဲ့ နည်းပေါင်းစုံနဲ့ သူ (စကစ) ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ပဲ ကျွန်တော်တို့ကမြင်တယ်”လို့ သူက ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံသားတွေရဲ့ မှတ်ပုံတင်ကတ်တွေကို စမတ်ကဒ်ပြောင်းဖို့ ရှေ့ပြေးအနေနဲ့ Biometric Data ကိုယ်ရေးအချက်အလက်တွေ ကောက်ယူဖို့ ပြင်ဆင်နေတဲ့ မြို့နယ်တွေမှာ အိမ် ထောင်စုလူဦးရေစာရင်းတွေကို အဓိကထား စစ်ဆေးနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်