ဖာပွန်၊ အောက်တိုဘာ(၂၀)

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေမှာ အခုလဝက်အတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ KNU တပ်မဟာ ၅ က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်အထိ လဝက်တာအတွင်း စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၅ တို့အကြား တိုက်ပွဲပေါင်း ၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၃ ဦး သေဆုံးကာ ၂၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

တိုက်ပွဲတွေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဘက်က တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုလအတွင်း စစ်ကောင်စီတပ်က ဖာပွန်ခရိုင်၊ဖာပွန်မြို့ အမှတ် ၃ ရပ်ကွက်၊ ပါဟိုက်ကျေးရွာအုပ်စုနဲ့ မယ်ခူးကျေးရွာအုပ်စုထဲကို လက်နက်ကြီး ၁၂၂ မမ နဲ့ ၁၂၀ မမ တာဝေးပစ်အမြောက်တွေနဲ့ ၁၀ လုံးတိတိ တမင်ရည်ရွယ်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၅ ရက်နေ့ကလည်း လူသောမြို့နယ်အတွင်းရှီ ဘောလေးဒဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ကလပ်စတာဗုံး ၂ လုံး လာရောက်ကြဲချခဲ့ပေမယ့် ကျေးရွာအတွင်းရှိ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုမရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာမဟုတ်ဘဲ အရပ်သားနေထိုင်ရာဒေသတွေကိုသာ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး ရွာသားတွေရဲ့ သတိနဲ့ကြိုတင်ပြင်ဆင်မှုတွေကြောင့် ပြင်းထန်တဲ့ထိခိုက်သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ကလည်း ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုရဲ့ ထုတ်ပြန်ထားချက်အရ အာဏာသိမ်းကာလအတွင်း ဖာပွန်ခရိုင်ထဲမှာ စစ်ဘေးရှောင်ဦးရေ တစ်သိန်းနီးပါးအထိ ရှိလာပြီး စစ်ဘေးရှောင်တွေဟာ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးမလုံလောက်မှု အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေရပြီး လူသားချင်းစာနာမှုအကူအညီတွေလည်း များစွာလိုအပ်လျက်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.