ရေး၊ အောက်တိုဘာ(၂၀)
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့မှာ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့ မနက်ပိုင်းက ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ “ဖူး”လက်ဖက်ရည်ဆိုင်မှာ ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်း သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားပါတယ်။
အဲဒီပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်ဟာ ဒီနေ့ အောက်တိုဘာ ၁၉ ရက်နေ့ကစပြီး ရေးမြို့အဝင် အထွက်နေရာတွေနဲ့ လမ်းဆုံလမ်းခွနေရာတွေမှာ ပိတ်ဆို့ရှာဖွေစစ်ဆေးတာအပြင် အမျိုးသား ၂ ဦး ဆိုင်ကယ်အတူ စီးနင်းမှုတွေကိုလည်း ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တာပါ။
ဒေသခံတွေအဆိုအရ လတ်တလောမှာ အမျိုးသား ၂ ဦး ဆိုင်ကယ်အတူစီးနင်းမှုကြောင့် ဒေသခံ ဆယ်နဲ့ချီ ဖမ်းဆီးခံထားရပြီး ဆိုင်ကယ်တစ်စီးလျှင် ကျပ်နှစ်သိန်းနှုန်း ငွေညှစ်တောင်းခံနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပိတ်ဆို့စစ်ဆေးမှုတွေကြောင့် ပြည်သူတွေဟာ လမ်းသွားလမ်းလာဖို့ အခက်အခဲဖြစ်နေသလို ပစ်ခတ်ခံရနိုင်တဲ့အတွက် စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
လုံခြုံရေးတင်းကျပ်ထားတဲ့ ရေးမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အခုလအောက်တိုဘာအတွင်း စစ်ကောင်စီတပ် ဗိုလ်ကြီးတစ်ဦး၊ ရဲအုပ်တစ်ဦး၊ ဦးစီးမှူးတစ်ဦး၊ အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ၆ ဦးထက်မနည်း ပစ်သတ်ခံထားရတာ ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ရေးမြို့နယ်ကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာခဲ့ပြီး စည်းကမ်းတင်းကျပ်တဲ့ ဒေသန္တရအမိန့်တွေ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media