နေပြည်တော်၊ အောက်တိုဘာ(၂၀)
ရပ်နားထားတဲ့ နိုင်ငံပိုင်စက်ရုံအလုပ်ရုံတွေ မှန်မှန်ကန်ကန်လည်ပတ်နိုင်ရေးနဲ့ ရယူထားတဲ့ မြေနေရာတွေကို အကျိုးရှိရှိအသုံးချကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလာပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ကိုယ်တိုင်ခန့်အပ်ထားတဲ့ စစ်ခေါင်းဆောင်က အောက်တိုဘာ ၁၈ ရက်နေ့မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ စီးပွားရေးရာကော်မတီအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။
စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ဝန်ကြီးဌာနတွေက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ စီးပွားရေးလုပ်ငန်းအချို့ကို ရပ်တန့်ခဲ့လို့ နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ သူလက်ထက်မှာတော့ လည်ပတ်သင့်တဲ့စက်ရုံတွေနဲ့ လုပ်ငန်းတွေကို ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ပြီး ရပ်နားထားတဲ့ စက်ရုံအလုပ်ရုံတွေမှာ ကုန်ထုတ်လုပ်မှု ဆောင်ရွက်နိုင်မယ့် အဖွဲ့အစည်းတွေက လုပ်ဆောင်နိုင်ဖို့ လိုအပ်မယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ခေါင်းဆောင်အနေနဲ့ နိုင်ငံပိုင်လုပ်ငန်းတွေကို တရုတ်ပုံစံ ဖန်တီးတာဖြစ်ပြီး တစ်ဖက်မှာ တိုင်းပြည်စီးပွားရေးကျဆင်းနေတာမို့ လိုအပ်တဲ့လုပ်ငန်းတွေ မြှင့်တင်ပေးနေတဲ့အမြင် ပုံဖော်နေတာလို့ သုံးသပ်ပါတယ်။
“သူကတော့ တရုတ်ပုံစံပေါ့။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကို တိုးမြှင့်မယ်ဆိုတာ သူဖြစ်ချင်တာ ဖြစ်ပါတယ်။ တကယ့်အခြေအနေက အဲဒီလို မဟုတ်ပါဘူး။ အခုဒီကိစ္စတွေ ပြောဆိုလာတဲ့အကြောင်းက တိုင်းပြည်ရဲ့ စီးပွားရေးက ကျဆင်းနေတဲ့အခါမှာ တိုင်းပြည်စီးပွားရေးတိုးတက်ဖို့ လိုအပ်တဲ့ လုပ်ငန်းတွေ မြှင့်တင်ပေးရမယ်၊ မြှင့်တင်ပေးနေတယ်ဆိုတဲ့အမြင်ကို ပုံဖော်ဖို့ ဒီလုပ်ငန်းတွေလုပ်တာ။ မြန်မာပြည်ရဲ့ စီးပွားရေး ပြိုကွဲကျဆင်းနေတဲ့ အနေအထားအောက်မှာ ဒီလုပ်ငန်းတွေ ပြန်ပြီးလည်ပတ်အောင်လုပ်မယ်လို့ သူတို့အာဘော်ဖန်တီးတာပါ”လို့ သူက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရပိုင် မြေပေါ်မှာရော၊ ပုဂ္ဂလိကပိုင် လုပ်ငန်းတွေမှာပါ အကြီးအကျယ် ကျဆင်းနေတာဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တစ်ခုပြီးတစ်ခု ထွက်ခွာသွားတဲ့နေရာတွေမှာ ကွက်လပ်တွေဖြစ်ပေါ်နေတာလို့ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။
တစ်ဖက်မှာလည်း လူဦးရေထူထပ်တဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကြီးမှာတောင် လျှပ်စစ်မီးကို အချိန်ပိုင်းနဲ့ ပေးနေရတဲ့အအခြေအနေမှာ အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေအတွင်း လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်း ကျဆင်းနေတဲ့အပေါ် တွန်းတင်ဖို့ စစ်အစိုးရအနေနဲ့ မလွယ်ဘူးလို့ သူကဆက်ပြောပါတယ်။
စစ်ခေါင်းဆောင်ကတော့ နိုင်ငံအတွက်လိုအပ်တဲ့ ကုန်ထုတ်လုပ်မှုတွေ ဆောင်ရွက်ဖို့လိုပြီး အဲဒီလို ဆောင်ရွက်ရာမှာ အစိုးရပိုင်းဆိုင်ရာနဲ့ ပုဂ္ဂလိကပိုင်းဆိုင်ရာတွေစတဲ့ အပိုင်းလိုက်လုပ်ဆောင်ဖို့ လိုတယ်လို့ ဆိုပါတယ်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေထဲမှာတော့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြန်မာ့မီးရထား၊ ကုန်းလမ်းပို့ဆောင်ရေး၊ မြန်မာ့ဆက်သွယ်ရေး၊ အမှတ် (၁) ကနေ အမှတ် (၃) အထိရှိတဲ့ အကြီးစားစက်မှုလုပ်ငန်းတွေနဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းတို့ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို နိုင်ငံခြားဝင်ငွေ အမြောက်အများစီးဝင်စေတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေထဲက မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ သတ္တုတွင်းလုပ်ငန်းနဲ့ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းတို့လည်း ပါဝင်ပါတယ်။
အဲဒီထဲက သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းကို ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်ခဲ့တယ်လို့ ၂၀၂၃ ခုနှစ် ဇူလိုင်တတိယပတ်မှာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI