မော်လမြိုင်၊ အောက်တိုဘာ(၂၀)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ အခုလပထမအပတ်ကစပြီး စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လုံခြုံရေးအကြောင်းပြ ဧည့်စာရင်းဝင်စစ်ပြီးနောက် ခြိမ်းခြောက်ငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ မော်လမြိုင်မြို့အတွင်းရှိ ရပ်ကွက်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဝင်ရောက်ခိုအောင်းနိုင်တယ်ဆိုတဲ့ လုံခြုံရေးအကြောင်းပြချက်နဲ့ ဧည့်စာရင်းစစ် ဆေးမှုတွေ ခပ်စိပ်စိပ်ပြုလုပ်လာတာပါ။

ဧည့်စာရင်းစစ်ဆေးချိန် နေအိမ်ရှိလူဦးရေတွေကို သန်းခေါင်စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးတာ၊ နေအိမ်တွေမှာ ဧည့်စာရင်းမတိုင်ဘဲ နေထိုင်ကြောင်း စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးပြီး ငွေကြေးအဆမတန် တောင်းခံတာတွေ လုပ်ဆောင်နေပါတယ်။

“ဧည့်စာရင်းကတော့ သူတို့မလိုတဲ့အိမ်တွေကို ဝင်စစ်တယ်။ အိမ်ပေါက်စေ့စစ်တာ မဟုတ်ဘူး။ ဥပမာ- ရာအိမ်မှူးနဲ့ အဆင်မပြေတဲ့အိမ်တို့၊ နည်းနည်းလေး သံသယရှိတဲ့အိမ်တို့၊ အိမ်တစ်အိမ်မှာ မိသားစုဝင်ထဲမှာ လူငယ်များတဲ့အိမ်တို့ပေါ့။ နောက်ပြီးတော့ တခြားနယ်က ပြောင်းလာတဲ့အိမ်တွေဆိုရင် မကြာမကြာ အများအားဖြင့် ဝင်စစ်တာများတယ်။ အိမ်ထောင်စုစာရင်းထဲမှာ နာမည်မပါလို့၊ ဧည့်စာရင်းမတိုင်လို့ဆိုပြီးတော့ ဧည့်စာရင်းပုဒ်မနဲ့ မစွဲဘဲနဲ့ (၁၈၈)နဲ့ စွဲပြီးတော့ (၁၈၈) ဆိုရင် တန်းပြီးတော့ အမိန့်ချလို့ရတယ်။ ချက်ချင်းအမိန့်ချတယ်၊ ပိုက်ဆံမပေးရင် ငါတို့လုပ်တယ်ကွာဆိုတဲ့ ခြိမ်းခြောက်မှုမျိုးနဲ့ လုပ်လာတဲ့အခါကျတော့ လူတွေက အခုအကြောက်တရားဖြစ်လာပြီး ဧည့်စာရင်းတွေတိုင်လာတယ်။ ပိုက်ဆံတွေပေးရတယ်။ မိလို့ရှိရင်လည်း ကမန်းကတန်းညှိတယ်၊ တောင်းသလောက် ပေးရတာပေါ့”လို့ ဆိုပါတယ်။

ဧည့်စာရင်းမတိုင်ဘဲ နေထိုင်ကြောင်း စစ်ဆေးတွေ့ရှိပါက စစ်ကောင်စီပူးပေါင်းအဖွဲ့က လူတစ်ဦးကို ကျပ်တစ်သိန်းကနေ လေးသိန်းအထိတောင်းခံပြီး မပေးနိုင်တဲ့သူတွေကို ဧည့်စာရင်းဥပဒေအပြင် ညမထွက်ရ အမိန့်ဖောက်ဖျက်မှုတွေနဲ့ပါ အရေးယူတာတွေ လုပ်ဆောင်နေတာပါ။

ဧည့်စာရင်း စစ်ဆေးတဲ့နေရာမှာလည်း လူနေများတဲ့ ရပ်ကွက်တွေကို အဓိကထား စစ်ဆေးနေသလို ရွှေ့ ပြောင်းလုပ်သားတွေ ငှားရမ်းနေထိုင်တဲ့ နေအိမ်တွေ၊ အဆောင်တွေနဲ့ တန်းလျားတွေကို နေ့စဉ်နီးပါး စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ လမ်းတွေမှာတပ်ဆင်ထားတဲ့ CCTV တွေကတဆင့် လူဝင်လူထွက်များတဲ့ နေအိမ်တွေကို စောင့်ကြည့်ပြီး ဧည့်စာရင်း ဝင်ရောက်စစ်ဆေးတာနဲ့ မသင်္ကာတဲ့ လူငယ်တွေကိုလည်း ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။

အရင်စစ်အစိုးရအဆက်ဆက် ကျင့်သုံးခဲ့တဲ့ ဧည့်စာရင်း ဥပဒေဟာ လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ၂၀၁၆ ခုနှစ်မှာ NLD အစိုးရက ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ဧည့်စာရင်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့ပြီး ဧည့်စာရင်းမတိုင်ပါက ထောင်ဒဏ် ၇ ရက်ဖြစ်စေ၊ ငွေဒဏ်ကျပ်တစ်သောင်း ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-IPRD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.