ထားဝယ်၊ အောက်တိုဘာ(၂၀)
တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူ မယဉ်ယဉ်ချိုဟာ ထောင်ဒဏ် ၄၄ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) က သိရပါတယ်။
နိုင်ငံရေးအကျဉ်းသူ မယဉ်ယဉ်ချိုကို စစ်ကောင်စီက ထပ်တိုးအမှုဖွင့်ထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၁၊ ၅၂၊ ၅၄ တို့နဲ့ အောက်တိုဘာဒုတိယအပတ်အတွင်း ထားဝယ်အကျဉ်းထောင်တရားရုံးကနေ ထောင်ဒဏ် ၃၂ နှစ် ထပ်မံချမှတ်ခဲ့တာပါ။
စစ်ကောင်စီက မယဉ်ယဉ်ချိုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေကြေးထောက်ပံ့တာ၊ ပူးပေါင်းပါဝင်ဆောင်ရွက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာ ထားဝယ်မြို့ရှိ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် စစ်ကောင်စီဟာ မယဉ်ယဉ်ချိုကို ကနဦးအနေနဲ့ အကြမ်းဖက်တိုက်ဖျက်မှု ဥပဒေ ပုဒ်မ ၅၀(ည) နဲ့ ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
မယဉ်ယဉ်ချိုဟာ စုစုပေါင်းထောင်ဒဏ် ၄၄ နှစ်အထိ ချမှတ်ခံထားရတာကြောင့် ထားဝယ်အကျဉ်းထောင်မှာ ပြစ်ဒဏ်အများဆုံး ချမှတ်ခံရတာလို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၁၀၀ ကျော်ရှိနေပြီး ၉၀ ရာခိုင်နှုန်းကျော်ဟာ ပုဒ်မအသီးသီးနဲ့ အနည်းဆုံးထောင်ဒဏ် ၂ နှစ်ကနေ အများဆုံး ၄၄ နှစ်ထိ ချမှတ်ခံထားရတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP) ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းမှာ ဖမ်းဆီးခံရသူ ၁၇၀၀ နီးပါးအထိ ရှိလာတယ်လို့ အောက်တိုဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ