နေပြည်တော် – အောက်တိုဘာ(၁၉)
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားတဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) အရာရှိနှစ်ဦးကို စစ်ကောင်စီက ထပ်မံဖမ်း ဝရမ်းထုတ်လိုက်တယ်လို့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအတွင်းက အွန်လိုင်းလိမ်လည်မှုတွေမှာပါဝင်တာ၊ လူပြန်ပေးဆွဲမှုတွေ၊ ခြောက်လှန့်တောင်းယူမှုတွေ ကျူးလွန်တာနဲ့ ကျူးလွန်ဖို့အားထုတ်တာ၊ ကျူးလွန်သူ တွေကို အားပေးကူညီတာကြောင့် ဥပဒေအရ အရေးယူဖို့ ဟိုပန်ခရိုင်တရားရုံးက ဖမ်းဝရမ်း ထုတ်တာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ဆိုထားတာပါ။
သူတို့နှစ်ဦးကို UWSA တပ်ဖွဲ့ကလည်း “ဝ” ဒေသနဲ့ အိမ်နီးချင်းနိုင်ငံတွေအပြင် နိုင်ငံတကာနဲ့ ဆက်ဆံရေးကိုပါ ထိခိုက်အောင်လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ရာထူးက ဖြုတ်ချထားပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တယ်ဆိုပြီး UWSA “ဝ” ပြည်နယ် ဆောက်လုပ်ရေးဌာန ကြီးမှူး ပေါက်အိုက်ပန်းနဲ့ မိုင်းလင်းခရိုင်မှူး အိုက်ဟော့တို့ နှစ်ဦးကိုဖမ်းမိရင် တရုတ်ယွမ် တစ်သိန်းကနေ ငါးသိန်းအထိ ပေးမယ်လို့ တရုတ်နိုင်ငံက အသိပေးထားပါတယ်။
စက်တင်ဘာလတည်းက UWSA ဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်တယ်လို့ သံသယရှိသူတွေကို တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းတာတွေရှိတယ်လို့ သိရပါတယ်။
UWSA အရာရှိနှစ်ဦးကို ဖမ်းဝရမ်းထုတ်ခဲ့တာနဲ့ပတ်သက်ပြီး သံလွင်တိုင်းမ် အနေနဲ့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့တော့မရခဲ့ပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media