မော်လမြိုင် – အောက်တိုဘာ(၂၀)
နယ်မြေစိုးမိုးရေး အားကောင်းတဲ့ ဒေသတွေမှာ ဒေသကာကွယ်ရေးအတွက်လိုအပ်တဲ့ စစ်အင်အား လက်နက်ခဲယမ်းအင်အားတွေကို တိုးတက်ကောင်းမွန်အောင် ပြန်လည်ဖြည့်တင်းနိုင်သလောက် ဖြည့်တင်းကြရမယ်လို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။
ဒီနေ့ အောက်တိုဘာလ(၂၀) ရက်နေ့မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄၂/၂၀၂၃) မှာ အခုလိုပြောခဲ့တာပါ။
“ဒေသကာကွယ်ရေး အတွက် လိုအပ်တဲ့ စစ်အင်အား လက်နက်ခဲယမ်းအင်အားတွေကိုလည်း တိုးတက်ကောင်းမွန်အောင် ပြန်လည်ဖြည့်တင်းနိုင်သလောက် ဖြည့် တင်းကြရမှာဖြစ်ပါတယ်။ အဲ့ဒီလုပ်ငန်းတွေကို အားကောင်းကောင်းနဲ့ ပူးပေါင်း ဆောင်ရွက်ကြမှသာ ဆက်လက်ပြီးတော့ နယ်မြေတွေ တိုးချဲ့ စိုးမိုးနိုင်မှာ ဖြစ်ပါတယ်” လို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။
ဒါ့အပြင် ကျေးရွာ တစ်ရွာကနေ နောက်တစ်ရွာ၊ မြို့နယ်တစ်ခုကနေ နောက်ထပ်မြို့နယ်တစ်ခုကို တိုးချဲ့ စိုးမိုးနိုင်မှသာ အုပ်ချုပ်ရေး ဧရိယာတွေ ကျယ်ပြန့်လာမှာဖြစ်သလို အုပ်ချုပ်ရေး ဧရိယာ ကျယ်ပြန်ဖို့ဟာ တော်လှန်ရေးမှာ အရေးအကြီးဆုံး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်တယ်လို့ ပြောပါသေးတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဦးဆောင်ပြီး NUG အစိုးရအဖွဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG