ဂျေရုစလင် ၊ အောက်တိုဘာ (၂၁) 

ဂါဇာကမ်းမြောင်ဒေသကို မြေပြင်ကနေ ဝင်ရောက်စီးနင်းတိုက်ခိုက်ဖို့ ခြေလျင်တပ်ဖွဲ့ဝင်တွေ အဆင့်သင့်ဖြစ်နေပြီလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးဂဲလ်လန့်က အောက်တိုဘာ ၁၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်တို့ရဲ့လူအသေအပျောက်များခဲ့တဲ့ အံ့အားသင့် ဖွယ် တိုက်ခိုက်မှုအပြီးမှာ အစ္စရေးဟာ လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာဒေသကို ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။ 

အဲဒီနောက်မှာတော့ ဂါဇာဒေသကို မြေပြင်ကနေ ထိုးစစ်ဆင်ဖို့အတွက် နယ်စပ်တလျှောက်မှာ အစ္စရေးခြေလျင်တပ်ဖွဲ့ဝင် ၃ သိန်းကျော်ကို တပ်ဖြန့်ထားတာ ဖြစ်ပါတယ်။ 

နယ်မြေစပ်တလျှောက် တပ်ဖြန့်ထားတဲ့ တပ်ဖွဲ့ဝင်တွေကို အစ္စရေးကာကွယ်ရေးဝန်ကြီး ဂဲလ်လန့်က သွားရောက်တွေ့ဆုံခဲ့ပြီး စစ်ပွဲအတွက် အဆင့်သင့်ဖြစ်အောင်နေကြဖို့ ပြောဆို ခဲ့ပါတယ်။ 

“ဘယ်သူမဆို အခုချိန်မှာ ဂါဇာကမ်းမြောင်ကို အဝေးမှမြင်တွေ့နေရပေမယ့် အတွင်းပိုင်းမှ မြင်စေရမယ်လို့ ငါကတိပေးတယ်” လို့ သူက ပြောခဲ့ပါတယ်။ 

အစ္စရေးတပ်မတော်ကလည်း ဂါဇာတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု၊ ပြီးစီးမှု၊ စစ်ဆင်ရေး စီမံချက်တွေနဲ့ အတည်ပြုချက်၊ ကွင်းဆင်းတပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်ထားတဲ့ အခြေအနေတွေကို ရုပ်သံလိုင်းကတဆင့် ထုတ်ပြန်နေတာ ဖြစ်ပါတယ်။ 

အစ္စရေးရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးအရာရှိ ရာရွန် ဖင်ကန်မင်ကလည်း တောင်ပိုင်းဒေသမှာ လက်ရှိတပ်စွဲ ထားတဲ့ တပ်အများအပြားကို သွားရောက်ကြည့်ရှုပြီး တိုက်ခိုက်ရေး အစီအစဉ်တွေကို အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ 

“အခု ငါတို့ စစ်ရေးလေ့ကျင့်မှုတွေလုပ်ပြီး သူတို့နယ်မြေထဲကို စစ်ပွဲတွေ ဆင်နွှဲတော့မယ်။ ရှည်ကြာမယ်၊ ပြင်းထန်လာမယ်” လို့ ဖင်ကန်မင်က နယ်စပ်တစ်လျှောက်ရှိ စစ်သားတွေနဲ့ တပ်မမှူးတွေကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Ref: Xinhua

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.