ကျိုက်မရော၊ အောက်တိုဘာ(၂၀)

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဖက်တေကုန်းကျေးရွာမှာ အောက်တိုဘာ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ဈေးဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အသက် ၄၀ အရွယ် ကိုမောင်မောင်ကုန်စုံဆိုင်ပိုင်ရှင် ဦးမောင်မောင်ဟာ ကုန်စုံဆိုင်ထဲရှိနေချိန် အမည်မသိ အမျိုးသား ၂ ဦးက ဆိုင်ကယ်နဲ့လာပြီး သေနတ်နဲ့ဝင်ရောက် ပစ်ခတ်သွားတာပါ။

သေနတ်နဲ့အနီးကပ် ပစ်ခတ်ခံရတာကြောင့် ဦးမောင်မောင်ဟာ ရင်ညွှန့်နဲ့ဝမ်းဗိုက်နေရာမှာ ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက် ရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ဦးမောင်မာင်ရဲ့ အလောင်းကို ဒေသခံတွေ အကူအညီနဲ့ ကျိုက်မရောဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အောက်တိုဘာ ၁၉ ရက်နေ့ နေ့လည် ၁ နာရီအချိန်မှာ သဂြိုဟ်ခဲ့တာပါ။

ဒေသခံတွေအဆိုအရ ကိုမောင်မောင်ရဲ့ ဖခင်ဖြစ်သူဟာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သလို အစ်ကိုဖြစ်သူကလည်း ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူဟာစစ်ကောင်စီထံ သတင်းပေးဆောင်ရွက်နေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေက ၃ ကြိမ်အထိ သတိပေးထားသူ ဖြစ်တယ်လို့ ဆိုကြပါတယ်။

သတင်းပေးအဖြစ် သတ်မှတ်ခံထားရတဲ့ ကိုမောင်မောင်ကို ဘယ်အဖွဲ့အစည်းက ပစ်ခတ်ရှင်းလင်းခဲ့လဲဆိုတာ လက်ရှိအချိန်အထိ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ကျိုက်မရောမြို့နယ်၊ ကော့ခလိန်ကျေးရွာနဲ့ကြာအင်းချောင်းကျေးရွာကြားမှာ နေအိမ်ကို ကားနဲ့ပြန်လာတဲ့ ကော့ခလိန်ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရသေးတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.