သရက်ချောင်း၊ အောက်တိုဘာ(၁၉)
တနင်္သာရီတိုင်း၊သရက်ချောင်းမြို့နယ် ရငဲကျေးရွာနဲ့ကတွဲကျေးရွာ ရွာချင်းဆက်လမ်းပေါ်မှာ စစ်ကောင်စီတပ် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၂) တပ်ရင်းက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့ မနက်ပိုင်းက ကတွဲကျေးရွာမှ ထွက်ခွာလာတဲ့ တပ်ဖွဲ့ဝင်အင် အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက် ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲအချိန် နာရီဝက်နီးပါးအကြာဖြစ်ပွားခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်က လက်ဦးမှုရယူနိုင်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က အထိနာခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူ ၁၀ ဦးထဲမှာ စစ်ကောင်စီတပ်အရာရှိ တစ်ဦးပါဝင်ပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ထားဝယ်ခရိုင်အမှတ်(၂) တပ်ရင်း တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းလာကောက်တဲ့ စစ်ကားတစ်စီးကိုလည်း မဟာမိတ်ပူးပေါင်းတပ်က ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ကို ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း(T5-Zone) ၊ ပုတီးတစ်လုံးပျောက်ကျားတပ်ဖွဲ့နဲ့ ယူဂျီအင်အားစု မဟာမိတ်ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ တိုက်ပွဲပြီးနောက် အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ ရငဲကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း နှစ်ဖက်တိုက်ပွဲ အကြိမ် ၅၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသအခြေစိုက် သုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း