နေပြည်တော်၊ အောက်တိုဘာ(၁၉)လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စမှာ အပစ်ရပ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက စစ်ကောင်စီနဲ့ညှိနှိုင်းပြီးမှ အကောင်အထည်ဖော်ရတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

PPST ကနေ NCA စာချုပ်ကို အကောင်အထည်ဖော်လို့မရနိုင်တဲ့ ကာလတစ်ခုအောက်မှာ NCA မှာပါတဲ့ အနှစ်သာရသုံးချက်ထဲက အရပ်သားတွေကို အကာအ ကွယ်ပေးရေးနဲ့ဆက်စပ်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးမှာ လက်လှမ်းမီသလောက် တစ်ဖွဲ့ချင်းစီအလိုက် ဆောင်ရွက်ခဲ့တာ အများကြီးရှိခဲ့ပြီလို့ ဆိုပါတယ်။

အာဆီယံ လူသားချင်းစာနာမှုကူညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ(AHA) နဲ့ နိပွန်ဖောင်ဒေးရှင်းကနေ ထောက်ပံ့ပေးမှုတွေဟာ မိမိတို့အဖွဲ့အစည်း ထိန်းချုပ်နယ်မြေအတွင်းသက်ဆိုင်တဲ့ ပြည်သူ လူထုလက်ထဲအရောက်ပို့နိုင်ဖို့ စစ်ကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက် အကောင်အထည်ဖော်နေရတယ်လို့ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောဆိုပါတယ်။

“ကျွန်တော်တို့ဆီကို တိုက်ရိုက်ဆိုပေမယ့်လည်း အစိုးရနဲ့လည်း ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ရတဲ့အလုပ်တွေ ရှိပါတယ်။ Border Pass (နယ်စပ်ဖြတ်သန်းခွင့်) တို့လိုမျိုးကျတော့ ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းမရှိဘူး။ ဒီဘက်က ပြည်ထောင်စုအစိုးရနဲ့ ကျွန်တော်တို့ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ပြီးမှ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်တဲ့ အစိတ်အပိုင်းကျရင်လည်းပဲ ပြည်နယ်အစိုးရနဲ့လည်း ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်ရတဲ့ အစဉ်အလာတွေလည်း ရှိပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။

အလှူရှင်တွေဘက်ကလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးမှာ ရှင်းရှင်းလင်းလင်း အကောင်အထည်ဖော်မှုဖြစ်အောင် အခုလိုမျိုးပူးပေါင်းရတာဖြစ်ပြီး တစ်ဖွဲ့ချင်းစီရဲ့ မတူညီနိုင်တဲ့ အခြေခံပေါ်မှာ လိုအပ်ချက်အရ လုပ်နည်းလုပ်ဟန်တွေ ကွဲပြားတာရှိတယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် လူဦးရေ ၁ ဒသမ ၇ သန်းနီးပါးဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က အောက်တိုဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း ရွှေ့ပြောင်း အခြေချပြည်သူ ၇သိန်း အပါအဝင် လူဦးရေ ၁ ဒသမ ၈သန်းကျော်ကို အကူအညီပေးနိုင်ခဲ့တယ်လို့ UNOCHA က ဆိုထားပါတယ်။

ဒါပေမယ့် စစ်ရေးပြင်းထန်တဲ့ စစ်ကိုင်းတိုင်းမှာတော့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှုအကူအညီတွေကို အသံပဲကြားဖူးပြီး မြေပြင်မှာမရရှိဘူးလို့ စစ်ရှောင်အရေး အကူအညီပေးနေသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“နိုင်ငံတကာကူညီမှုဆိုတာ ကျွန်တော်တို့ကတော့ ပြောရမယ်ဆိုရင် အသံပဲကြားဖူးတယ်ဗျ။ သတင်းတွေပဲ ဖတ်ရတယ်ဗျ။ မြေပြင်မှာတော့ လက်တွေ့ကျကျ ကျွန်တော်ကူညီတဲ့နယ်မြေမှာတော့ နိုင်ငံတကာအကူအညီနဲ့ ဘာတွေကူညီသွားပါတယ်ဆိုတာ မြေပြင်မှာမကြားရဘူးဗျ”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းအပါအဝင် အချို့သော တိုင်းရင်းသားဒေသတွေမှာ နိုင်ငံတကာရဲ့ လူသားချင်းစာနာမှုအကူအညီတွေ မရရှိဘဲ မြန်မာနိုင်ငံသားတွေဆီက အလှူငွေနဲ့ စစ်ဘေးသင့်ပြည်သူတွေကို ထောက်ပံ့နေကြတာပါ။

ဗိုလ်မှူးကြီး စောကျော်ညွန့်ကတော့ စစ်ရေးပဋိပက္ခတွေ ကျယ်ပြန့်လာတာကြောင့် ပဋိပက္ခဒဏ် ခံစားနေရတဲ့ ပြည်သူတွေအားလုံးဆီ လက်လှမ်းမီနိုင်သေးပေမယ့် နိုင်ငံအတိုင်းအတာအရ ကူညီနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

“စစ်ရေးပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ ကာလမှာတော့ ပဋိပက္ခဒဏ်ခံစားနေရတဲ့ လူတွေအားလုံးဆီကို ကျွန်တော်တို့ လက်လှမ်းမီနိုင်စရာမရှိပါဘူး။ အဓိကတော့ ကိုယ့်ရဲ့ ထိန်းချုပ်နယ်မြေဆက်စပ်နေတဲ့ နယ်မြေတွေမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေကို လက်ခံကူညီဆောင်ရွက်ပေးနေတဲ့ ဒေသခံအတွက်လည်း ပံ့ပိုးမှုတွေရအောင် လုပ်ပေးရတဲ့ အတိုင်းအတာရှိပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို ကျွန်တော်တို့က ကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်ပါတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းမှာ ပိုမိုဆိုးဝါးလာနေပြီလို့ မြန်မာအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၄၄၀ တို့က ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အဖွဲ့ဝင်နိုင်ငံတွေကိုပေးပို့တဲ့ အိတ်ဖွင့်ပေးစာအရ သိရပါတယ်။

စစ်အုပ်စုက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ အသိုင်းအဝိုင်းတွေအတွက် အသက်ကယ်ဆယ်ရေး ထောက်ပံ့ကူညီမှုတွေကို ပိတ်ဆို့တားဆီးတာ၊ သိမ်းယူတာနဲ့ ဖျက်ဆီးတာတွေဟာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေကို လက်နက်သဖွယ် ဆက်လက်အသုံးချနေတယ်လို့ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.