နတ်တလင်း – အောက်တိုဘာ(၁၉)
ပဲခူးတိုင်း၊သာယာဝတီခရိုင် နတ်တလင်းမြို့နယ်ကို လူသားဒိုင်းပြုလုပ်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သာယာဝတီခရိုင်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့အတွက်(၆) ဦးသေဆုံးခဲ့တယ်လို့ ပဲခူး – PDF က သတင်းထုတ်ပြန် ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၇) ရက်နေ့က PDF- တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၂ (Phoenix DF)တို့က (၃) ကြိမ်တိုင်တိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီတပ်ဟာ ဆင်ဝိုင်း မိသားစုတွေနဲ့ ဆင်(၁၈) ကောင်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်လာတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဟာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ချိန်မှာ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်လာတဲ့ ဆင်နဲ့ ဆင်ဝိုင်းမိသားစုတွေကို ရှောင်ကွင်း တိုက်ခိုက်ခဲ့ရတဲ့အတွက် အလုံးစုံတိုက်ခိုက်နိုင်တာမရှိသလို ဆင်နဲ့ ဆင်ဝိုင်းမိသားစုတွေလည်း ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိနိုင်တယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေ ၊စစ်ကြောင်းတွေ အနီးမှာနေထိုင်တာ သူတို့နဲ့အတူသွားလာတာတွေမပြုလုပ်ဖို့အတွက်လည်း PDF တပ်ရင်း(၃၈၀၁)၊တပ်ခွဲ-၂ Phoenix D-F က ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Bago – PDF