“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီတွေဆိုတာ ကျွန်တော်တို့ဆီကို တိုက်ရိုက်ဆိုပေမယ့် ဒီဘက်အစိုးရနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ရတဲ့ အလုပ်တွေရှိပါတယ်။ ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်း တိုင်ပင်ဆောင်ရွက်ပြီးမှ ပူးပေါင်းလုပ်ဆောင်ရတဲ့ အစဉ်အလာတွေလည်း ရှိပါတယ်”
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပိုမိုဆိုးဝါးလာနေပြီလို့ မြန်မာအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၄၄၀ တို့က ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အဖွဲ့ဝင် နိုင်ငံတွေကို အောက်တိုဘာ ၁၇ ရက်နေ့မှာ အိတ်ဖွင့်ပေးစာ ပေးပို့ထားပါတယ်။ အဲဒီအိတ်ဖွင့်ပေးစာအရ စစ် အုပ်စုက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူအတွက် ထောက်ပံ့ကူညီမှုတွေ ပိတ်ဆို့တားဆီးတာ၊ သိမ်းယူတာနဲ့ ဖျက်ဆီးတာတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို လက်နက်သဖွယ် ဆက်လက်အသုံးချနေတယ်လို့ ဖော်ပြပါတယ်။
အရပ်သားပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီပေးနိုင်ဖို့ ကြုံနေရတဲ့ အခက်အခဲတွေ၊ စစ်ကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်တွေ၊ အကူအညီပေးနိုင်ရေး ဘယ်လောက်အထိ လွှမ်းခြုံမှုရှိလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ ဆက်သွယ်မေးမြန်းချက်။
သံလွင်တိုင်းမ် – အရင်ဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို စစ်ကောင်စီနဲ့ အပစ်ရပ်အဖွဲ့တို့ကြား ပူးပေါင်းဆောင်ရွက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။ ဘယ်လိုပုံစံတွေနဲ့ လုပ်ဆောင်နေတာလဲ။
ဗိုလ်မှူးကြီးစောကျော်ညွန့် – လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စကတော့ ဒါအခုမှ ပေါ်လာတဲ့ကိစ္စရပ်လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ လုပ်ခဲ့တာတွေကလည်း တစ်နှစ်၊ နှစ်နှစ်တော့ရှိပြီပေါ့လေ။ အဓိကကတော့ PPST က NCA ကို အကောင်အထည်မဖော်နိင်တဲ့ကာလမှာ NCA မှာပါတဲ့အနှစ်သာရသုံးချက်ပေါ့လေ။ အရပ် သားများကိုအကာအကွယ်ပေးရေးဆိုတဲ့ အချက်လည်းပါတယ်လေ။ အဲဒီဘောင်ကကျယ်ပြီးတော့ နိုင်ငံရေး ဆွေးနွေးမှုဘောင်က ကျဉ်းမြောင်းနေတဲ့ ကာလတစ်ခုအောက်မှာကတော့ ခုနကကျွန်တော်ပြောနေတဲ့ NCA အနှစ်သာရသုံးချက်က အရပ်သားများကို အကာအကွယ်ပေးရေးအချက်က မျှော်မှန်းသလောက် ကျွန်တော်တို့ မလုပ်နိုင်တဲ့ အားနည်းချက်တွေလည်း အများကြီးရှိပါတယ်။
အရပ်သားများကိုအကာအကွယ်ပေးရေးကိစ္စနဲ့ ဆက်စပ်ပြီးတော့ ကျွန်တော်တို့က လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ဆိုတဲ့ကိစ္စရပ်တွေကတော့ လက်လှမ်းမှီသလောက် ကျွန်တော်တို့အဖွဲ့ တစ်ဖွဲ့ချင်းစီအလိုက် လုပ်ကိုင်ဆောင်ရွက်ခဲ့တာတွေလည်း အများကြီးရှိတယ်။ လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စရပ်တွေက အဖွဲ့တစ်ခုချင်းစီရဲ့ပထဝီအခြေခံပေါ်မှာ လိုအပ်နေတဲ့အခြေအနေအရပေါ့လေ။ လုပ်နည်းလုပ်ဟန်များက ကွဲပြားတာတို့ ရှိကောင်းရှိကြပါတယ်။ နီပွန်ဖောင်ဒေးရှင်းကနေထောက်ပံ့ကူညီတဲ့ ရိက္ခာဆိုင်ရာပေးဝေမှုကို မိမိ တို့အဖွဲ့အစည်းခြေချုပ်နယ်မြေထဲမှာ သက်ဆိုင်တဲ့ ပြည်သူလူထုဆီ အရောက်ပို့နိုင်အောင်တော့ အဖွဲ့အစည်း အတိုင်းအတာနဲ့ လုပ်ငန်းပိုင်းဆိုင်ရာအရ အကောင်အထည်ဖော်ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်များကတော့ တိ ကျစွာ စီစဉ်လျက်ရှိပါတယ်။
သံလွင်တိုင်းမ် – အရပ်သားပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီပေးနိုင်ဖို့ စစ်ကောင်စီနဲ့ ညှိနှိုင်းပြီးမှ အကောင်အထည်ဖော်နေရတဲ့ အခြေအနေလား။
ဗိုလ်မှူးကြီး စောကျော်ညွန့် – ကျွန်တော်တို့ဆီကို တိုက်ရိုက်ဆိုပေမယ့် ဒီဘက်အစိုးရနဲ့လည်း ချိတ်ဆက်ဆောင် ရွက်ရတဲ့ အလုပ်တွေရှိပါ တယ်။ ခုနကနယ်စပ်လိုနေရာမျိုးကျ ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူးပေါ့လေ။ ပြည် ထောင်စုအစိုးရနဲ့ ညှိနှိုင်း တိုင်ပင်ဆောင်ရွက်ပြီးမှ လုပ်ငန်းဆောင်ရွက်နိုင်တဲ့ အစိတ်အပိုင်းကျရင် ပြည်နယ်အ စိုးရနဲ့လည်း ကျွန်တော်တို့က ပူးပေါင်းလုပ်ဆောင်ရတဲ့ အစဉ်အလာတွေလည်း ရှိပါတယ်။ ကူညီပံ့ပိုးမှုကလည်း လုပ်နည်းလုပ်ဟန် အရတော့ သက်ဆိုင်ရာအစိုးရတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပြီးတော့ အလှူရှင်တွေအနေနဲ့လည်း ရှင်းလင်းစွာအ ကောင်ထည်ဖော်မှုတွေဖြစ်အောင် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်။
သံလွင်တိုင်းမ် – အပစ်ရပ်အဖွဲ့တွေအနေနဲ့ အာဆီယံ လူသားချင်းစာနာမှုကူညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA) နဲ့ နိပွန်ဖောင်ဒေးရှင်းတို့က ထောက်ပံ့ပေးမှုတွေကို ပြန်လည်ကူညီတာတွေ လုပ်ဆောင်နေတယ်ဆိုတော့ ဘယ်လောက်အထိ လွှမ်းခြုံမှုရှိလဲ။
ဗိုလ်မှူးကြီး စောကျော်ညွန့် – အဖွဲ့အစည်းတွေက မတူဘူး။ ကျွန်တေ်ာတို့ AHA စင်တာကနေကူညီတဲ့ လူသား ချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေက သက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုချင်းစီရဲ့ အဆင်သင့်ဖြစ်မှု အပေါ်မှာ ပူးပေါင်းဆောင်ရွက်ရတာရှိတယ်။ နီပွန်ဖောင်ဒေးရှင်းက ရိက္ခာပေးဝေမှု လုပ်ငန်းရပ်တွေက PPST လက်အောက်ကနေ လုပ်ငန်းကြီးကြပ်မှု အကောင်အထည်ဖော်ပြီးတော့ ခုနကဆန်ပေးဝေမှုတွေလုပ်တဲ့အခါ သက်ဆိုင်ရာပြည်နယ်အစိုးရတွေနဲ့ ညှိနှုှိုင်းပြီး တကယ်လိုအပ်တဲ့ပြည်သူတွေဆီကို ပို့ဆောင်တာတွေ လက်ခံ ဆောင်ရွက်ပေးရပါတယ်။ စစ်ဘေးရှောင်ပြည်သူလူထုအပါအဝင် စစ်ရှောင်ပြည်သူတွေကို လက်ခံပြီးတော့ အိမ်ရှင်အနေနဲ့ လက်ခံဆောင်ရွက်နေရတဲ့ ပြည်သူတွေအတွက်ကိုလည်း ကူညီပံ့ပိုးမှုတွေ မျှဝေခံစားမှုတွေ လုပ်ပေးနိုင်အောင် စီမံဆောင်ရွက်ပေးရတဲ့ လုပ်ငန်းစဉ်တွေလည်း ရှိပါတယ်။
သံလွင်တိုင်းမ် – အာဏာသိမ်းမှုကြောင့် နိုင်ငံလူဦးရေ ၂ သန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ် လို့ သိရပါတယ်။ သူတို့အတွက် အကူအညီတွေရဖို့ ဘယ်အရာတွေက အတားအဆီးဖြစ်နေလဲ။ ဘယ်လိုလူ တွေ ကို အဓိကကူညီတာတွေ လုပ်နေလဲ။
ဗိုလ်မှူးကြီး စောကျော်ညွန့် – တကယ်အကူအညီလိုအပ်နေတဲ့ ပြည်သူတွေ အားလုံးအကျုံးဝင်နိုင်အောင် ကျွန် တော်တို့ ကြိုးပမ်းလုပ်ဆောင်မှုတွေ ရှိတယ်။ ဒီခေတ်ဒီကာလအခြေအနေကလည်း ကျွန်တော်တို့ တိုင်းပြည်မှာ စစ်ရေးတိုက်ပွဲတွေ ဖြစ်နေတဲ့ကာလမှာတော့ စစ်ရှောင်တွေအားလုံးဆီကိုတော့ လက်လှမ်းမမှီနိုင်ခြင်း မရှိသေး ပါဘူး။ အဓိကတော့ ကိုယ့်ရဲ့ဆက်စပ်နယ်မြေတွေမှာရှိတဲ့ စစ်ရှောင်ပြည်သူလူထုတွေကို ပံ့ပိုးမှုရအောင် လုပ် ပေးရတဲ့ အတိုင်းအတာတော့ ရှိပါတယ်။ တစ်နိုင်ငံလုံးအတိုင်အတာနဲ့တော့ အဲလိုဖြစ်နိုင်အောင် ကြိုးပမ်းနေဆဲ ကာလပဲရှိပါသေးတယ်။
သံလွင်တိုင်းမ် – NCA နှစ်ပတ်လည်ပွဲပြီးတော့ စစ်ခေါင်းဆောင်နဲ့ အပစ်ရပ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ် လို့ သိရပါတယ်။ ဘာတွေဆွေးနွေးသဘောတူတာတွေ ရှိလဲ။
ဗိုလ်မှူးကြီး စောကျော်ညွန့် – NCA လက်မှတ်ရေးထိုးချိန် အချိန်ကပဲဖြစ်ဖြစ်၊ NCA ကို ပြုစုရေးဆွဲချိန်တုန်းကပဲ ဖြစ်ဖြစ်၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့တဲ့ မူလခေါင်းဆောင်တွေ စုံညီစွာတက်ရောက်နိုင်အောင် ကြိုးပမ်းတယ်။ တက်ရောက်လာတဲ့ ခေါင်းဆောင်တွေကနေပြီးတော့ အခမ်းအနားအပြီးမှာ ကျွန်တော်တို့ပြန်လည်စုထိုင်ပြီး တော့ သူတို့အတွေ့အကြုံအရ၊ ဖြတ်သန်းမှုအရ NCA ကိုနှစ်ဖက်ညှိနှိုင်းဆွေးနွေးတဲ့ လုပ်ငန်းအတွေ့အကြုံအရ၊ NCA ကိုရေးဆွဲစဉ်ကာလမှာ နှစ်ဖက်ထားရှိခဲ့တဲ့ ကတိကဝတ်နဲ့ ကျွန်တော်တို့ ယုံကြည်မှု အတိုင်းအတာတစ်ခု ကနေ ဖြတ်သန်းမှုအတွေ့အကြုံအရ၊ ကျွန်တော်တို့က မျှဝေတင်ပြဆွေးနွေးပါတယ်။
ပြီးတော့ ကျွန်တော်တို့် NCA လက်မှတ်ရေးထိုးပြီးတော့ NCA ကိုလက်တွေ့ အကောင်အထည်ဖော်တဲ့ ကာလ တစ်လျှောက် တွေ့ကြုံခဲ့ရတဲ့ စိန်ခေါ်မှုပေါ်မူတည်ပြီး အခက်အခဲတွေပေါ်မှာလည်း တက်ရောက်လာတဲ့ ခေါင်း ဆောင်တွေကနေ ကိုယ်တိုင်သူတို့ဖြတ်သန်းတဲ့ အတွေ့အကြုံတွေကို အပြန်လှန်ဖလှယ်တင်ပြတဲ့ ဆွေးနွေးတဲ့ အခင်းအကျင်းဖြစ်ပါတယ်။ ဒါအစည်းအဝေးတစ်ခုမဟုတ်တော့ ကျွန်တော်တို့က ရှေ့လုပ်ငန်းစဉ်မှာ ဘာတွေ ဆက်လုပ်မလဲဆိုတဲ့ ဆုံးဖြတ်ချက်လိုမျိုး ကျွန်တော်တို့ လုပ်နိုင်တာ မရှိပါဘူး။ ဒီကနေ အလေးထားစဉ်းစား သင့်တဲ့ အချက်အလက်တွေက သတင်းထဲမှာထွက်ပေါ်လာသလိုပဲ အချက်အလက်၁၀ကျော် စုဆောင်းခွင့်ရရှိ နိုင်တယ်လို့ ကျွန်တော်ပြောလိုပါတယ်။
သံလွင်တိုင်းမ် – စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် သဘောတူညီမှု ရရှိခဲ့တဲ့ အချက် ၁၀ ချက်ကို ပြောပြပေးလို့ ရမလား။ ဒီအချက်တွေကို ဘယ်လိုပုံစံတွေနဲ့ အကောင်အထည်ဖော်သွားဖို့ ရှိလဲ။
ဗိုလ်မှူးကြီး စောကျော်ညွန့် – လောလောဆယ်ကခုနက နိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပရအောင်ဆိုတဲ့ အခမ်း အနားရဲ့နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အလုပ်ရုံဆွေးနွေးပွဲကနေပြီးတော့ လုပ်နေရတဲ့ အခင်းအကျင်းက ဒါအ စပထမလည်း ဖြစ်တယ်။ အခြေခံအရကလည်း ကျွန်တော်တို့က အချိန်ယူပြီးတော့ လုပ်ဆောင်နေရတဲ့ အတိုင်း အတာရှိတဲ့အတွက်ကြောင့် ဒါနှစ်ဖက်သဘောတူညီမှုအရ အလုပ်ရုံဆွေးနွေးပွဲလုပ်ဆောင်နေရတဲ့ အပိုင်းပဲရှိပါတယ်။ ခုနကပြောသလို တကယ့်အနာဂတ် ငြိမ်းချမ်းရေး နိုင်ငံရေးဆွေးနွေးပွဲအတွက် ကျွန်တော်တို့ ဆက်လက် ကြိုးပမ်းဆောင်ရွက်လို့ ခိုင်မာစွာနှစ်ဖက်နားလည်နိုင်တဲ့ အချက်အလက်တွေဖြစ်ပေါ်လာတဲ့ အချိန်အခါကျရင် တော့ ပွင့်ပွင့်လင်းလင်းပြောရရင် လောလောဆယ်ကတော့ ကျွန်တော်တို့က ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ သဘောတူထားတယ်။ တကယ့်တကယ် လိုအပ်လာတဲ့အခါ တစ်နေ့ကျရင် အခွင့်အခါသင့်တဲ့ အခါကျရင် ဒါတွေ ကိုထုတ်ဖော်ပြောဆိုဖို့ အဆင်သင့်ဖြစ်မယ် ထင်ပါတယ်။