မော်လမြိုင်၊ အောက်တိုဘာ(၁၉)
ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည် သိန်းနဲ့ချီလာရောက်လေ့ရှိတဲ့ မွန်ပြည်နယ်ရဲ့ အထင်ကရ ကျိုက်ထီးရိုး ဘုရားပွဲတော်ကို ပြန်လည်စည်ကားအောင် စစ်ကောင်စီဘက်က နည်းလမ်းမျိုးစုံသုံးပြီး ကြိုးပမ်းပြင်ဆင်တာတွေ လုပ်ဆောင်နေပါတယ်။
ကျိုက်ထီးရိုးစေတီ ဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်ကနေ ကဆုန်လပြည့်အထိ ၇ လကြာ ကျင်းပခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ကိုဗစ်ကပ်ရောဂါနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အကျဉ်းရုံးသာကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီက ဒီနှစ်မှာကျင်းပမယ့် ကျိုက်ထီးရိုးဘုရားပွဲတော် စည်ကားရေးအတွက် ဂေါပကအဖွဲ့ကို ပြန်လည်ဖွဲ့စည်းတာ၊ တောင်တက်ကားတွေ ကြံ့ခိုင်ရေးနဲ့ လမ်းပိုင်းတွေ ပြင်ဆင်ခိုင်းတာတွေ လုပ်ဆောင်နေသလို ပွဲတော်ကာလအတွင်း စတုဒိသာကျွေးမွေးကြဖို့ ညွှန်ကြားထားတာပါ။
ကျိုက်ထီးရိုးဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ ဘုရားပွဲတော် ပြန်လည်စည်ကားဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပြီးဖြစ်သလို လုံခြုံရေးကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့က ထုံးတမ်းအစဉ်အလာအရ သီတင်းကျွတ်လပြည့်နေ့ အင်္ဂလိပ်လို(၂၉)ရက်နေ့ (၁၀) လပိုင်း တနင်္ဂနွေနေ့မှာ ပွင့်လင်းရာသီ (၇)လ ပွဲတော်ရာသီရဲ့ ပထမအစပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ဘုရားဖူးအများပြည်သူအတွက်ကိုက ကျွန်တော်တို့ စားသောက်ဆိုင်များ၊ တည်းခိုခန်းများ၊ ဟိုတယ်များတွေလည်း အကုန်လုံး ဖွင့်လှစ်ထားပါပြီ။ လုံခြုံရေးကိစ္စတော့ လုံခြုံရေးတပ်ဖွဲ့တွေကနေပြီးတော့ တာဝန်ယူဆောင်ရွက်သွားပါမယ်။ ဘုရားပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်း ပရေးအတွက်ကတော့ ကျွန်တော်တို့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းနဲ့ ဂေါပကအဖွဲ့နဲ့ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်ထားလျှက် ရှိပါတယ်။ ဘုရားဖူးအများပြည်သူရဲ့ စိတ်ချမ်းမြေ့လုံခြုံစွာဖြင့် သွားလာနိုင်ရေးအတွက်ကိုလည်း သက်ဆိုင်ရာတာဝန်ရှိတဲ့ အဖွဲ့အစည်းတွေကနေ အားလုံးဆောင် ရွက်ထားလျှက်ရှိပါတယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီခန့် မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ ကျိုက်ထီးရိုးဘုရားပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက် ပြီးခဲ့တဲ့အောက်တိုဘာ ၉ ရက်နေ့မှာ အစည်း အဝေးတစ်ရပ်ခေါ်ယူခဲ့သလို ကော်မတီအသီးသီးကိုလည်း ဖွဲ့စည်းထားပါတယ်။
ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)တာဝန်ရှိသူ တစ်ဦးကတော့ ကျိုက်ထီးရိုးဘုရားပွဲတော် စည်ကားဖို့ ကြိုးပမ်းမှုဟာ စစ်ကောင်စီက နယ်မြေတည်ငြိမ်ကြောင်း ဝါဒဖြန့်ချင်တာဖြစ်ပြီး အခုလို အ ခြေအနေမှာ ပြည်သူတွေအနေနဲ့ အထူးသတိရှိကြဖို့ တိုက်တွန်းတာပါ။
“စကစဘက်ကတော့ ဒီမြို့ရွာတွေ သူတို့အပြည့်အဝ ထိန်းချုပ်လို့ရနေပြီ။ နယ်မြေတွေ အေးချမ်းနေပါပြီဆိုပြီးတော့ ဝါဒဖြန့်ချင်လို့ ဆွယ်တရားဟောပြီး ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် စည်ကားအောင် လုပ်မှာပဲလေ။ အဲဒီလိုလုပ်တဲ့အခါမှာ ကျွန်တော်တို့ ပြည်သူတွေက နည်းနည်းလေး တော်လှန်သတိ၊ တော်လှန်အသိရှိပြီးတော့ နည်းနည်းအသွားအလာဆင်ခြင်ဖို့တော့ ကျွန်တော်သတိပေးချင်တာပေါ့နော်။ သူတို့ရဲ့ယုတ်မာရိုင်းစိုင်းမှုတွေ တစ်ခုခုပေါ့၊ ပြည်သူတွေကြားထဲမှာ ဗုံးခွဲမယ်ဗျာ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရသွားလို့ရှိရင် တော်လှန်ရေးအင်အားစုတွေဘက်က လုပ်ပါတယ်ဆိုပြီးတော့ တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေကြားမှာ သပ်လျှိုသွေးခွဲတဲ့ပုံစံမျိုး သူတို့ဒီအကွက်တွေ သုံးလာနိုင်တယ်လေ။ ဘယ်လိုပဲသွေးခွဲရသွေးခွဲရ သွေးခွဲဖို့အတွက် တော်လှန်ရေးအင်အားစုတွေ အင် အားနည်းသွားအောင် သူတို့လုပ်မှာပဲဆိုတော့ ဒီကြားထဲမှာ ပြည်သူတွေအနေနဲ့ ကြားညှပ်မှာ ကျွန် တော်စိုးရိမ်တယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေကို ပုံဖျက်ချင်တာကြောင့် ဘုရားဖူးပြည်သူတွေကို ဘာသာရေးနဲ့အသုံးချကာ သွေးခွဲတာတွေ လုပ်ဆောင်နိုင်သလို ဘုရားဖူးပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နီးနီးကပ်ကပ်မနေကြဖို့ မေတ္တာရပ်ခံတာပါ။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၂ ရက်နေ့က ကျိုက်ထီးရိုးတောင်တက်ကားဂိတ်အတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီက လုံခြုံရေးအထူးတင်းကျပ်တာတွေ လုပ်ဆောင်ခဲ့သလို ကျိုက်ထီးရိုးစေတီတော်ကို လာရောက်တဲ့ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးပြည်သူတွေ သိသိသာသာ လျော့ကျခဲ့တာပါ။
ကျိုက်ထီးရိုးစေတီဟာ အာဏာမသိမ်းခင်က နှစ်စဉ်ပြည်တွင်း၊ပြည်ပ ဘုရားဖူးဧည့်သည် ၂ သန်းကျော်လာရောက်တာဖြစ်ပြီး စစ်ကောင်စီလက်ထက်မှာတော့ နယ်မြေမတည်ငြိမ်မှုကြောင့် ဘုရားဖူးဝင်ရောက်မှု သိသိသာကျဆင်းနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ