ကျိုက်ထို၊ အောက်တိုဘာ(၁၉)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းလွင်ကို အောက်တိုဘာ ၁၈ ရက်နေ့ မနက် ၅ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ သထုံခရိုင် PDF တာဝန်ခံထံကနေ သိရပါတယ်။

အသက် ၅၀ အရွယ် ဦးသန်းလွင် နေအိမ်မှာ ရှိနေချိန် အရပ်ဝတ်နဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ဦးသန်းလွင်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို သတင်းပေးတာ၊ ထောက်ပံ့မှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့တာပါ။

စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းလွင်ကို PDF တွေ ဖမ်းဆီးသွားတယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

သထုံခရိုင် PDF တာဝန်ခံကို အေးမင်းထွန်းကတော့ ဦးသန်းလွင်ကို သူတို့ဘက်က ဖမ်းဆီးတာ မဟုတ်ကြောင်းနဲ့ ဖြစ်စဉ်အသေးစိတ် ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောဆိုပါတယ်။

အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းလွင်ကို စစ်ကောင်စီ အမှတ်(၃၁၀) အမြောက်တပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ စုံစမ်းသိရှိရပေမယ့် ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ မသိရသေးပါဘူး။

ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း PDF တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ လုပ်ငန်းရှင်တွေအပါအဝင် ဒေသခံ ၁၀၀ နီးပါး ဖမ်းဆီးခံထားရပြီး အများစုဟာ ထောင်ဒဏ် ပြစ်ဒဏ်အသီးသီး ချမှတ်ခံထားရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP) ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်မှာ အရပ်သားပြည်သူ ၈၃၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ အောက်တိုဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.