ရေး၊ အောက်တိုဘာ(၁၈)
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စံပြကျေးရွာမှာ အောက်တိုဘာ ၁၇ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
အဲဒီနေ့ မနက် ၄ နာရီအချိန်လောက်မှာ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကနေ စံပြကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲဟာ စံပြကျေးရွာဘုန်းကြီးကျောင်းအနီး ဖြစ်ပွားခဲ့တာ ဖြစ်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားအချိန် တစ်နာရီလောက် ကြာမြင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
တိုက်ပွဲပြီးနောက် ကျေးရွာဘုန်ကြီးကျောင်းအနီး ပတ်ဝန်းကျင်မှာ သွေးအိုင်တွေ တွေ့ရတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်တပ်လော်ဘီတယ်လီဂရမ် ချန်နယ်တွေမှာတော့ စံပြကျေးရွာတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF အလောင်းတစ်လောင်းနဲ့ သေနတ် ၂ လက်၊ ကျည်အချို့နဲ့ကျည်ဘောက်တွေ သိမ်းဆည်းရမိတယ်လို့ ဖော်ပြတာတွေ ရှိနေပါတယ်။
တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ(၆) အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးပါဘူး။
နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံတွေဟာ နေ့လည်ပိုင်းအထိ နေအိမ်တွေမှာပဲ ပုန်းခိုနေထိုင်ခဲ့ကြပြီး ညနေပိုင်းမှသာ ပုံမှန်အတိုင်း သွားလာလှုပ်ရှားတာတွေရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်ကလည်း စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် အခုအခါမှာတော့ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media