ဘီးလင်း၊ အောက်တိုဘာ(၁၈)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီးမှာ အောက်တိုဘာ ၁၇ ရက်နေ့ မနက်ပိုင်းက ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
တပ်အင်အား ၅၀ လောက်နဲ့ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်က ဒေါက်ရပ်ကျေးရွာ စာသင်ကျောင်းအနီးနဲ့ ရွှေအင်ဒုံးဘုရားလမ်း အတက်လမ်းပိုင်းမှာ မိုင်းဆွဲပြီးနောက် ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်နီးပါးအကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ၆ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည် ပြုနိုင်ခြင်းမရှိပါဘူး။
တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်ဟာ ဒေါက်ရပ်နဲ့ ခဲမောက်ကျေးရွာအနီး ပတ်ဝန်းကျင်ကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေပြီး နေ့လည် ၁ နာရီလောက်မှာသာ ပစ်ခတ်မှုရပ်နားသွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာနဲ့ နေအိမ်ပျက်စီးမှု ရှိ မရှိ သံလွင်တိုင်းမ်အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့ကလည်း ဒေါက်ရပ်ကျေးရွာ စာသင်ကျောင်းအနီး ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ် တိုက်မိုင်းထိပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TPDF