ဘော်လခဲ၊ အောက်တိုဘာ(၁၈)
နှစ်ဖက်ပိတ်ဆို့မှုတွေကြောင့် ကယားပြည်နယ်(ကရင်နီ)၊ ဘော်လခဲမြို့နယ်အတွင်းမှာ အခုလဆန်းပိုင်းကစပြီး အခြေခံစားသောက်ကုန်တွေအပါအဝင် ကုန်ပစ္စည်းအများစု ပြတ်လပ်နေပြီလို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်တပ်မြို့လို့ ခေါ်ဝေါ်ကြတဲ့ ဘော်လခဲမြို့နယ်အတွင်းမှာ လွန်ခဲ့တဲ့ ၃ လလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေး အင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
အဲဒီတိုက်ပွဲအတွင်း ဘော်လခဲမြို့သို့ သွားရာလမ်းပိုင်းတွေကို ကရင်နီတော်လှန်ရေးအင်အားစုတွေအပြင် စစ်ကောင်စီဘက်ကပါ ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ထားတာကြောင့် ကုန်ပစ္စည်း ပြတ်လပ်မှုနဲ့ ကြုံလာရပါတယ်။
ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းအများစု ပြတ်လာတာကြောင့် ဘော်လခဲဒေသခံပြည်သူတွေဟာ ပြောင်းထောင်းစားနေရတဲ့ အခြေအနေတွေအထိ ဖြစ်လာတယ်လို့ စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။
” အဓိက ဆန်တွေလိုတယ်ဗျ။ ဆန်၊ ဆီ၊ ဆားပေါ့နော်။ တိုက်ပွဲကလည်း ထိတွေ့မှုတွေ တအားရှိတော့ ကုန်ဈေးနှုန်းတက်လာတယ်။ ဆန်၊ ဆီ၊ ဆားကတော့ အရေးပေါ်ဖြစ်နေတယ်ဗျ။ အခုလောလောဆယ်လေ။ တချို့ နေရာတွေမှာဆိုရင် ကျွန်တော်တို့ပြောင်းကောက်တွေကို ထောင်းစားနေရတဲ့ အခြေအနေမျိုးတွေ ရောက်လာတာတွေရှိတယ်။ လိုအပ်ချက်တွေကတော့ တနေ့ထက်တနေ့ပိုပြီး မြင့်တက်လာနေပါတယ်” လို့ ဆိုပါတယ်။
စားနပ်ရိက္ခာပြတ်လပ်လာတာကြောင့် စစ်ကောင်စီကလည်း သူတို့တပ်ဖွဲ့ဝင်တွေဆီ စစ်ကားအစီး ၆၀ ကျော်နဲ့ ရိက္ခာတွေ ပို့ဆောင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
အဲဒီလိုကြိုးပမ်းမှုတွေကို ကရင်နီပြည်နယ်တော်လှန်ရေးတပ်ဖွဲ့တွေက ဘော်လခဲမရောက်ခင် ဖရူဆို၊ ဒီးမော့ဆိုနယ်မြေတွေမှာ ကြားဖြတ်တိုက်ခိုက်ပြီး လမ်းတွေကို လုံခြုံရေးအရ အသုံးပြုခွင့်ယာ ယီပိတ်ဆို့ထားတာပါ။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း လူဦးရေ ၈၀၀၀ ကျော် နေထိုင်တဲ့ ဘော်လခဲမြို့နယ်မှာ အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၆၀ ရာခိုင်နှုန်းဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံက သိရပါတယ်။
ဒါပေမဲ့ စစ်တပ်ထောက်ခံသူတွေနဲ့ စစ်တပ်အမျိုးအနွယ်တွေကတော့ နေရပ်မစွန့်ဘဲ ဘော်လခဲမြို့နယ်အတွင်း ဆက်လက်နေထိုင်နေရသလို ကုန်ပစ္စည်းဈေးနှုန်း အဆမတန်မြင့်တက်မှုဒဏ်ကို အကြီးအကျယ် ခံစားနေရတာပါ။
ဘော်လခဲမြို့နယ်ဟာ လမ်းပန်းဆက်သွယ်ရေးအဖြစ် ရေကြောင်းနဲ့လေကြောင်းမရှိဘဲ ကားလမ်းတစ်ခုတည်းကိုပဲ အသုံးပြုနေရပြီး နှစ်ဖက်ပိတ်ဆို့မှုကြောင့် ကုန်ပစ္စည်းပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-RFA/Sky News