နေပြည်တော် ၊ အောက်တိုဘာ ၁၆
စစ်ကောင်စီဦးဆောင်ကျင်းပတဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ် NCA ၈ နှစ်မြောက် အခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့ တပ်ဖွဲ့ဝင်သုံးဦးကို တာဝန်ကနေ ရုတ်သိမ်းလိုက်တယ်လို့ ABSDF က ဒီကနေ့ ညဦးပိုင်းမှာ ထုတ်ပြန်လာပါတယ်။
NCA အခမ်းအနားတက်ရောက်တဲ့ တပ်ဖွဲ့ဝင်သုံးဦးဟာ ABSDF ကနေ ချမှတ်ထားတဲ့ မူသဘောထား ရပ်တည်ချက်တွေနဲ့ ဆန့်ကျင်ပြီး သူတို့ရဲ့ ဆန္ဒသဘောထား သက် သက်နဲ့ တက်ရောက်ခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒီကနေ့ အောက်တိုဘာ ၁၆ ရက်နေ့မှာ ကျင်းပတဲ့ အရေးပေါ်ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ သူတို့သုံးဦးကို နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ တာဝန်အသီးသီးကို ရုတ်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ မူ သဘောထား ရပ်တည်ချက်တွေနဲ့ ဆန့်ကျင်တာတွေ ဆက်လက်လုပ်ဆောင်တာမပြုဖို့ သူတို့ကို သတိပေးထားတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပပြုလုပ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ရေးထိုးခြင်း ၈ နှစ်မြောက်အခမ်းအနားမှာ ABSDF တပ်ဖွဲ့ဝင် ရဲဘော်မျိုးဝင်း၊ ရဲဘော် မင်းဇော်နဲ့ ရဲဘော် မောင်ဦးတို့ တက်ရောက်ခဲ့ကြတာပါ။
စစ်ကောင်စီ ဝါဒဖြန့်သတင်းတွေမှာတော့ NCA မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတဲ့ EAO ခေါင်းဆောင်ဖြစ်တဲ့ ဦးမျိုးဝင်းလို့ သုံးနှုန်းထားပြီး အခြားနှစ်ဦးကိုတော့ နာမည်ဖော်ပြခြင်းမရှိခဲ့ပါဘူး။
ABSDF ဟာ NCA နှစ်ပတ်လည် မတိုင်ခင် ရက်ပိုင်းက အပစ်ရပ်ထိုး တော်လှန်ရေး EAO တွေဖြစ်တဲ့ KNU ၊ CNF တို့နဲ့အတူ NCA အခမ်းအနားအပါအဝင် NCA အခြေပြု အတုအယောင်ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး ပူးတွဲ သဘောထား ထုတ်ပြန်ကြေညာခဲ့တာပါ။
ကျောင်းသားတပ်မတော် ABSDF ဟာ ၁၉၈၈ ခုနှစ် လုထုအရေးတော်ပုံကနေ ပေါ်ပေါက်လာတာဖြစ်ပြီး သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်မှာ အခြားသော EAO တွေနဲ့အတူ NCA စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်ရဲ့ တစ်ကျော့ပြန်အာဏာသိမ်းမှုကြောင့် အပစ်ရပ်ထိုး KNU ၊ CNF တို့နဲ့အတူ NCA ကို ကျောခိုင်းကာ လူထုနွေဦးတော် လှန်ရေးမှာ ပါဝင်နေတာ ဖြစ်ပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI