ပွင့်ဖြူ၊ အောက်တိုဘာ (၁၆)

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အခွန်ဦးစီးဌာနရုံးအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သားအမိနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

မနေ့ အောက်တိုဘာ ၁၅ ရက်နေ့ မနက် ၈ နာရီအချိန်လောက်မှာ ပွင့်ဖြူမြို့နယ် လျှပ်စစ်ရုံးနဲ့ အခွန်ရုံးအနီး လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃ နှစ်အရွယ် ကလေးအပါအဝင် သားအမိနှစ်ဦး ဒဏ်ရာရရှိခဲ့တာပါ။

“အခွန်ရုံးနားက ပေါက်ကွဲမှုမှာ သားအမိနှစ်ဦးထိတယ်။ ကလေးက သုံးနှစ်ကျော်ပဲရှိသေးတာ။ ပေါက်ကွဲတာက အခွန်ရုံးကိုမထိဘဲ သူ့အရှေ့က ကောင်းမွန်မုန့်တိုက်ကိုထိတာ။ အဲဒီမုန့်တိုက်က ဖန်ကွဲစတွေက ကလေးလည်ပင်းနဲ့ တခြားနေရာတွေကိုထိတာ၊ စိုးရိမ်ရလို့ မကွေးကို လွှဲထားတယ်လို့ သိရတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပွင့်ဖြူမြို့နယ် အခွန်ရုံးဟာ မြို့နယ်ပန်းခြံနဲ့ ဈေးကြိုရဲ့ မြောက်ဘက်မှာတည်ရှိပြီး ပေါက်ကွဲချိန်ဟာ မနက် ၈ နာ ရီအချိန်ဖြစ်တာကြောင့် ဈေးဝယ်ပြည်သူတွေ သွားလာနေကြတဲ့ အချိန်ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းက ဒီတိုက်ခိုက်မှုဟာ ပွင့်ဖြူမြို့နယ် လျှပ်စစ်ရုံး၊ ရဲစခန်းတို့ကို လက်နက်ကြီး ၄၀ မမတို့နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး အခွန်ရုံးကိုတော့ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

အခုလို စစ်ဆင်ရေးဖော်ဆောင်ရာမှာ ပြည်သူတွေနဲ့ မလွတ်ကင်းတာကြောင့် ထိရောက်သင့်သလောက် မထိရောက်ခဲ့တဲ့အတွက် ပြည်သူတွေကို တောင်းပန်ထားပေမယ့် သားအမိနှစ်ဦး ထိခိုက်မှုကိုတော့ မင်းဘူးခရိုင်အ မှတ် ၄ တပ်ရင်းက တစ်စုံတစ်ရာ အသိပေးပြောဆိုထားတာ မရှိပါဘူး။

ပြည်သူတွေအနေနဲ့ နောက်နောင်မှာလည်း စစ်ကောင်စီဒေါက်တိုင်တွေနဲ့ အရောမဝင်ဖို့၊ ပေါက်ကွဲမှု အပြန်လှန် ပစ်ခတ်မှုတွေရှိလာရင် တိတ်ဆိတ်ငြိမ်သက်ပေးဖို့နဲ့ အပြင်ထွက် စူးစမ်းလေ့လာတာတွေမလုပ်ဖို့ မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းက သတိပေးထားပါတယ်။

ဒါ့အပြင် စစ်ဆင်ရေးတွေအရှိန်မြှင့်လုပ်ဆောင်မှာ ဖြစ်တာကြောင့် ဝါစိုက်ပျိုးရေးတပ်၊ မြို့နယ်လျှပ်စစ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ အခွန်ရုံး၊ လဝကရုံးတွေနဲ့ အတတ်နိုင်ဆုံးဝေးဝေးရှောင်ဖို့နဲ့ အိမ်ရှေ့ဆိုင်ရှေ့ CCTV တွေမလိုအပ်ဘဲ မတပ်ဆင်ဖို့၊ တပ်ဆင်ထားတဲ့ ကင်မရာတွေကိုလည်း ပိတ်ထားဖို့နဲ့ မိမိတို့နေအိမ်အတွင်းမှာ သာနေကြဖို့ မေတ္တာရပ်ခံထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.