တနင်္သာရီ၊ အောက်တိုဘာ(၁၇)
တနင်္သာရီတိုင်းဒေသကြီးမှာ အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လအတွင်း စစ်ကောင်စီတပ်က ဒေသခံနေအိမ် ၆၇၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ တနင်္သာရီအခြေစိုက် လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
FE3 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ ပုလောမြို့နယ်မှာ နေအိမ် ၃၈၀ ကျော်၊ လောင်းလုံးမြို့နယ်မှာ ၁၈၀ နီးပါး၊ ထားဝယ်မြို့နယ်မှာ နေအိမ်အလုံး ၃၀ ကျော်၊ သရက်ချောင်းမြို့နယ်မှာ ၂၀ နီးပါး၊ ရေဖြူမြို့နယ်မှာ ၂၅ လုံး၊ တနင်္သာရီမြို့နယ်မှာ ၃၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒေသခံနေအိမ်တွေဟာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့မီးရှို့ဖျက်ဆီးမှုခံရတာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ အားပေးကူညီထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မီးရှို့ဖျက်ဆီးခံနေတာ ဖြစ်ပါတယ်။
တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)တာဝန်ရှိသူကတော့ စစ်ကောင်စီတပ်ရဲ့ နေအိမ်မီးရှို့ ဖျက်ဆီးမှုဟာ ပြည်သူတွေ PDF တွေထံ ထောက်ပံ့မှု မလုပ်နိုင်အောင် အကြောက်တရားသွင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေထဲ စစ်ကြောင်းထိုးစဉ် ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတာနဲ့နေအိမ်မီးရှို့တာ၊ နေအိမ်တွေကိုမွှေနှောက်ပြီး တန်ဖိုးရှိပစ္စည်းယူဆောင်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ဒေသခံပြည်သူ ၅၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
သုတေသနအဖွဲ့ဖြစ်တဲ့ ISP – Myanmar ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း နှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံတဝန်းမှာ နေအိမ် ၈၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက အများဆုံး ပါဝင်နေတယ်လို့ စက်တင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media