နေပြည်တော်၊ အောက်တိုဘာ(၁၇)

စစ်ကောင်စီလက်အောက်ခံ မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးတွေမှာ ငွေကြေးလာဘ်ထိုးရမှု အများဆုံးတွေ့ရှိနေရပြီး လက်ဆောင်ပစ္စည်းပေးရခြင်းက ဒုတိယအများဆုံးဖြစ်တယ်လို့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ ISP-Myanmar ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

သုတေသနအဖွဲ့အစည်းဖြစ်တဲ့ISP-Myanmar က စစ်တမ်းကောက်ယူခဲ့တဲ့ မြို့နယ် ၁၁၀ ထဲ အနည်းဆုံးမြို့နယ် ၇၀ ကနေ အများဆုံး ၁၀၇ မြို့နယ်အထိ မြို့နယ်အဆင့်ရုံးတွေမှာ လာဘ်ထိုးမှုတွေ ဖြစ်ပေါ်နေတာလို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ထူးခြားချက်အနေနဲ့ ရွှေထည်ပစ္စည်းတွေကို လာဘ်ထိုးနေကြရတာဖြစ်ပြီး မြို့နယ်တရားရုံးတွေမှာ ရွှေထည်ပစ္စည်းတွေ ပေးကြရတာဟာ မေလမှာ မြို့နယ် ကိုးခု၊ ဇွန်မှာ ရှစ်ခုနဲ့ ဇူလိုင်မှာ ကိုးခုရှိခဲ့ပြီး အများဆုံးလို့ ဆိုပါတယ်။

ဒုတိယကတော့ အုပ်ချုပ်ရေးရုံးတွေဖြစ်ပြီး မေလမှာ မြို့နယ် ခြောက်ခု၊ ဇွန်မှာ နှစ်ခုနဲ့ ဇူလိုင်မှာ လေးခုရှိခဲ့ပြီး တတိယလိုက်တာက အခွန်ရုံးဖြစ်တယ်လို့ ISP-Myanmar ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဒါတွေဟာ ISP-Myanmar ရဲ့ စစ်တမ်းအရ အောက်ခြေအဆင့် ဝန်ထမ်းတွေရဲ့ အငယ်စားအဂတိ လိုက်စားမှုလို့ ယူဆနိုင်ပေမဲ့ ရွှေထည်ပစ္စည်းတွေ ပါဝင်နေတာမို့ သေးငယ်တယ်လို့ မဆိုနိုင်ဘဲ အထက်အဆင့်မှာ မူဝါဒအရ အကြီးစားအဂတိလိုက်စားမှုတွေ ရှိနေကြောင်း ယူဆနိုင်တယ်လို့ ဆိုပါတယ်။

ဥပမာအနေနဲ့ မကြာသေးမီက ထောင်ဒဏ်တစ်သက်တစ်ကျွန်းနဲ့ ညီမျှတဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့လို ကိစ္စမျိုးတွေ ဖြစ်ပါတယ်။

ပညာရှင်တွေရဲ့ ဆွေးနွေးချက်တွေအရ အာဏာကို လုံးဝချုပ်ကိုင်ထားမှုနဲ့ အာဏာပိုင်တွေရဲ့ စိတ်ကြိုက်ကျင့်သုံးခွင့်ရှိနေရင်၊ တာဝန်ယူတာဝန်ခံမှုမဲ့နေရင် အဂတိ လိုက်စားမှုတွေ ပိုဖြစ်နိုင်တယ်လို့ ISP-Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ လာဘ်ပေးမှုမရိရင် ဘယ်နေရာမှ အလုပ်လုပ်လို့မရဘူးဆိုတာ ပြည်သူတွေရဲ့ ဘဝထဲကနေ ညွှန်ပြနေတဲ့ အဖြစ် အပျက်တွေ အများကြီးရှိနေပြီး ယန္တရားအားလုံးဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ လည်ပတ်နေတာလို့ သုံးသပ်ပါတယ်။

“လာဘ်ပေးလာဘ်ယူမှုခြစားမှုတွေကတော့ စစ်ကောင်စီအောက်ခြေမှာရှိနေတဲ့ ရုံးဌာနတိုင်းမှာ ဒါတွေက ဖြစ်နေတာ။ ဒီကိစ္စနဲ့ပတ်သက်လို့ အဓိကတာဝန်ယူရမယ့် ရဲအဖွဲ့မှာလည်း လာဘ်ယူလာဘ်ပေးမှုမရှိရင် ဘာလုပ်ငန်းမှ လုပ်ဆောင်လို့မရပါဘူး။ အခုမော်တော်ပီကယ်တောင်မှ ငါးသောင်းမပေးလို့ရှိရင် အမှုဖွင့်ခံရမယ့် အနေအထားနဲ့ ကြုံနေရတာ။ ဆေးရုံတွေမှာဆိုရင် ဆေးရုံထဲဝင်ခွင့်ရဖို့တောင်မှ အပေါက်စောင့်တွေကို လာဘ်ပေးမှရတာ။ ခြုံပြောရရင် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ရဲဌာနစတဲ့ယန္တရားအားလုံးဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ လည်ပတ်နေတာဖြစ်တယ် ။ လာဘ်ပေးလာဘ်ယူမှုမရှိရင် ဘယ်နေရာမှ အလုပ်လုပ်လို့မရဘူးဆိုတာ ပြည်သူတွေရဲ့ ဘဝထဲကနေ ညွန်ပြနေတဲ့အဖြစ်အပျက်တွေ အများကြီးရှိတယ်”လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရလုပ်ငန်းတွေကို ထိန်းညှိပေးမယ့် လွှတ်တော်ကဏ္ဍ မရှိတော့သလို၊ စောင့်ကြည့်နေမယ့် တက်ကြွလှုပ်ရှားသူတွေ၊ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကလည်း ကြီးစွာ အကန့်အသတ်ဖြစ်နေရတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

တဖက်မှာလည်း တဟုန်ထိုးမြင့်တက်နေတဲ့ ငွေကြေးဖောင်းပွမှု၊ အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုတွေကိုလိုက်မီဖို့ အစိုးရဝန်ထမ်းတွေရဲ့ လစာငွေက မတိုးလာတာလည်း ဖြစ်နေတာပါ။

ငွေလဲနှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်းဟာ ဝန်ထမ်းတွေရဲ့ သုံးစွဲနိုင်စွမ်းကို များစွာပါးလျ ကျဆင်းသွားတဲ့အခြေအနေမှာ ပိုပြီးဆိုးရွားလာမယ့် အဂတိလိုက်စားမှုဖြစ်စဉ်တွေကို အရေးတကြီး စောင့်ကြည့်သင့်တယ်လို့ ISP-Myanmar က သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.