နေပြည်တော်၊ အောက်တိုဘာ(၁၅)

စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် NCA နှစ်ပတ်လည်အခမ်းအနားတက်ရောက်ဖို့ နေပြည်တော် ရောက်နေကြတဲ့ အဖွဲ့ဝင်တချို့ဟာ အဖွဲ့အစည်းကို ကိုယ်စားမပြုဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)က သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၈ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ဖို့ဆိုပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ရဲဘော်မျိုးဝင်းနဲ့အဖွဲ့တွေဟာ အောက်တိုဘာ ၁၃ ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိလာကြတာပါ။

ဒီကနေ့ထုတ် နိုင်ငံပိုင်စစ်တပ်ဝါဒဖြန့် သတင်းစာမှာတော့ NCA မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတဲ့ EAO ခေါင်းဆောင်တွေဖြစ်တဲ့ ဦးမျိုးဝင်းလို့သုံးနှုန်းထားပြီး PNLO က ဦးခွန်ဥက္ကာနဲ့ ALP က ဦးခိုင်စိုးနိုင်အောင်တို့ကိုလည်း အလားတူသုံးနှုန်းထားပါတယ်။

ABSDF ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ဆလိုင်းယောအောင်က NCA အခမ်းအနားတက်ရောက်ဖို့ ဖိတ်ကြားမှုဟာသုံးမျိုးရှိပြီး အခုသွားတက်နေတဲ့ ရဲဘော်မျိုးဝင်းနဲ့အဖွဲ့ဟာ အဖွဲ့အစည်းကို ကိုယ်စားပြုတာမဟုတ်ဘူးလို့ ပြောပါတယ်။

“NCA (၈)နှစ်ပြည့်အခမ်းအနား ဖိတ်ကြားမှုက သုံးမျိုးရှိတယ်လို့ ကြားရတယ်။ ပထမတစ်ခုက NCA ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်း၊ ဒုတိယတစ်ခုက NCA လက်မှတ်ထိုးထားတဲ့သူတွေကို ဖိတ်ကြားတာ၊ တတိယတစ်ခုက အထူးဖိတ်ကြားသူဆိုပြီး ဖိတ်ကြားတာဖြစ်ပါတယ်။ ဒီအပေါ် အခြေခံပြီး ရဲဘော်မျိုးဝင်းတို့ သွားရောက်တာ ဖြစ်ပါတယ်။ ရဲဘော်မင်းဇော်နဲ့ ရဲဘော် မောင်ဦးတို့လည်း ပါပါတယ်။ ဆိုတော့ သူတို့တက်ရောက်မှုက ကျွန်တော်တို့ အဖွဲ့အစည်းကိုယ်စားပြုတက်ရောက်မှုမဟုတ်ဘူးလို့ ပြောချင်ပါတယ်”လို့ သူက ဆိုပါတယ်။

NCA အခမ်းအနားတက်ရောက်ဖို့ အပစ်ခတ်ရပ်စဲရေးစာချုပ်NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေကို ဖိတ်ကြားခဲ့တာလို့ စစ်ကောင်စီထုတ်သတင်းစာမှာ ဖော်ပြပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူးတူးစေးဖိုး၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ လားဟူဒီမိုကရက်တစ်အစည်း အရုံး (LDU) ဥက္ကဌ ကျာဆော်လမွန်တို့လည်း မနေ့ကမွန်းလွဲပိုင်းမှာ တာချီလိတ်မြို့ကနေ လေကြောင်းနဲ့ နေပြည်တော်ကို ရောက်ရှိလာကြတာပါ။

ABSDF ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု မပြုဘဲ ရပ်တည်ချက်တူတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF တို့နဲ့အတူ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ NCA အပေါ်အခြေခံပြီး အတုယောင်ဆွေးနွေးပွဲတွေ NCA ၈ နှစ်မြောက် အထိမ်းအမှတ်ပွဲ ကျင်းပတဲ့အပေါ် တော်လှန်ရေးမှာပါဝင်နေတဲ့ ABSDF၊KNU နဲ့ CNF တို့က ဒီရက်ပိုင်း သဘောထားထုတ်ပြန်ခဲ့တာပါ။

ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် အပစ်ခတ်ရပ်စဲရေး NCA စာချုပ်ပျက်ပြယ်မှုကို ပိုမိုခိုင်မာစေတယ်လို့ တော်လှန်ရေး EAO သုံးဖွဲ့က အတိအလင်းကြေညာခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- ရွှေတြိဂံသတင်းလွှာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.