နေပြည်တော် ၊ အောက်တိုဘာ (၁၅)

NCA စာချုပ်ဟာ ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုပေးထားတဲ့ သမိုင်းဝင်စာချုပ်ဖြစ်ပြီး ဘယ်သောအခါမှပျက်ပြယ်မှုမရှိဘဲ တည်တံ့နေမယ့် စာချုပ်ဖြစ်တဲ့အ တွက် တပ်မတော်အနေနဲ့ NCA စာချုပ်အပေါ်မှာသာ အလေးထား ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒီကနေ့ စစ်ကောင်စီကနေ ဦးဆောင်ကျင်းပတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း ၈ နှစ်ပြည့်အခမ်းအနားမှာ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။

စစ်ခေါင်းဆောင်က နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် NCA ကို အလေးထားဆောင်ရွက်ပေးမှာဖြစ်လို့ ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ NCA ထိုးထားတဲ့ အဖွဲ့အစည်းတွေကလည်း NCA ပါ ကတိကဝတ်တွေကို စောင့်ထိန်းကြဖို့နဲ့ ပွင့်လင်းမြင်သာမှု တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့ ဆက်လက်အကောင်အထည်ဖော်ကြဖို့ တိုက်တွန်းပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွက် လွတ်လပ်‌‌ရေးဆိုတဲ့အမွေတစ်ခုကို ရှေးဘိုးဘွားတွေဆီက ဆက်ခံရယူပြီးဖြစ်သလို မိမိတို့လက်ထက် မျိုးဆက်သစ်တွေအတွက် ထာဝရငြိမ်း ချမ်းရေး အမွေအနှစ်ပေးဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီကို တော်လှန်နေတဲ့ အပစ်ရပ်ထိုး EAO သုံးဖွဲ့အပါအဝင် မရေးထိုးရသေးတဲ့ တချို့ EAO တွေနဲ့ နိုင်ငံရေးအကဲခတ်တွေကတော့ စစ်တပ်ကိုယ်တိုင် အာဏာသိမ်းလိုက်တာကိုက NCA ပါ အခြေခံမူတွေကို ချိုးဖောက်ပြီးသားဖြစ်တယ်လို့ ထောက်ပြပြောဆိုထားကြတာပါ။

စစ်ခေါင်းဆောင်ကတော့ NCA မှာ လက်မှတ်မရေးထိုးရသေးတဲ့ EAO တွေအနေနဲ့လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ လူထုစီးပွားဘဝ တိုးတက်မြင့်မားစေရေးအတွက် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရာမှာ ထဲထဲဝင်ဝင် ပါဝင်နိုင်ဖို့ တွေ့ဆုံညှိနှိုင်းရေး ဆွေးနွေးပွဲတွေဆီ အရောက်လှမ်းခဲ့ကြဖို့ ဖိတ်ခေါ်ပြန်ပါတယ်။

ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် အပစ်ခတ်ရပ်စဲရေး NCA စာချုပ်ပျက်ပြယ်မှုကို ပိုမိုခိုင်မာစေတယ်လို့ အပစ်ရပ်ထိုး တော်လှန်ရေး EAO သုံးဖွဲ့က ဒီရက်ပိုင်းအတွင်း ကြေညာထားတာပါ။

ဒါကြောင့် စစ်တပ်နိုင်ငံရေးက မထွက်မချင်း တွေ့ဆုံတွေ့ဆွေးနွေးဖို့ မရှိဘူးဆိုတဲ့ အချက်တွေပါတဲ့ သဘောထားထုတ်ပြန်ချက်ကို အပစ်ရပ်ထိုး တော်လှန်ရေး EAO တွေဖြစ်တဲ့ KNU CNF နဲ့ ABSDF တို့က အတိအလင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

NCA မှာ လက်မှတ်မရေးထိုးရသေးတဲ့ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP) ကလည်း တိုင်းပြည်အာဏာကို စစ်ကောင်စီက သိမ်းယူလိုက်တာဟာ NCA အပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့ကိုယ်တိုင် ဖျက်ဆီးတာဖြစ်လို့ KNPP အနေနဲ့ NCA ဟာ ပျက် ပြယ်သွားပြီလို့ သတ်မှတ်ကြောင်း မနေ့က ကြေညာခဲ့ပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.