နေပြည်တော်၊ အောက်တိုဘာ(၁၅)

စစ်ကောင်စီက NCA ၈ နှစ်ပတ်လည် ကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ တော်လှန်ရေး EAO သုံးဖွဲ့က သဘောထားထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဟာ NCA စာချုပ် ပျက်ပြယ်ကြောင်း ထပ်လောင်းအ တည်ပြုတာလို့ KNU က သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ KNU၊ CNF နဲ့ ABSDF တို့က စစ်ကောင်စီရဲ့ NCA အခြေပြု အတုအယောင်ဆွေးနွေးပွဲတွေနဲ့NCA ၈ နှစ်ပြည့်အထိမ်းအမှတ် ကျင်းပတဲ့အပေါ် အောက်တိုဘာ ၁၂ ရက်နေ့က ပူးတွဲသဘောထား ကြေ ညာခဲ့တာပါ။

ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် အပစ်ခတ်ရပ်စဲရေး NCA စာချုပ်ပျက်ပြယ်မှုကို ပိုမိုခိုင်မာစေတယ်လို့ စစ်တပ်ကိုတော်လှန်နေတဲ့ အပစ်ရပ်ထိုး EAO သုံးဖွဲ့က အတိအလင်းကြေညာလိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်တပ်နိုင်ငံရေးကမထွက်မချင်း တွေ့ဆုံတွေ့ဆုံဆွေးနွေးဖို့ မရှိဘူးဆိုတဲ့ အချက်တွေအ ပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရေးဆိုင်ရာ ဘုံနိုင်ငံရေးရည်မှန်းချက်နဲ့ ဘုံနိုင်ငံရေးရပ်တည်ချက်တွေကို တရားဝင်ချပြလာတာပါ။

တော်လှန်ရေးEAO သုံးဖွဲ့ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောကလယ်စေးက NCA စာချုပ် ပျက်ပြယ်ကြောင်း ထပ်လောင်းအတည်ပြုပြီးဖြစ်သလို နိုင်ငံရေးဘုံသဘော တူညီချက်တွေကို ဘဝတူအစုအဖွဲ့အားလုံး တပြိုင်နက်ထဲ ပူးပေါင်းကြမယ်ဆိုရင် အောင်မြင်မယ်လို့ ယုံကြည်ကြောင်း သံလွင်တိုင်းမ်ကို ပြောပါတယ်။

“NCA က ပျက်ပြယ်သွားပြီဆိုတာ ထပ်လောင်းအတည်ပြုတဲ့ Statement (ထုတ်ပြန်ချက်) တစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်ခင်ဗျ။ တစ်ခုပဲရှိတာက ကျွန်တော်တို့ တိုင်းရင်းသားအားလုံးနဲ့ ဘဝတူခံစားရတဲ့ အစုအဖွဲ့တွေအားလုံးက တစ်ပြိုင်နက်ထဲ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင်တော့ ဒီဘုံသဘောတူညီချက် နိုင်ငံရေးရည်မှန်းချက် ၅ ချက်ကတော့ အောင်မြင်မှာပါလို့ ကျွန် တော်တို့ ယုံကြည်ပါတယ်ခင်ဗျ”လို့ သူက ဆိုပါတယ်။

တော်လှန်ရေး EAO သုံးဖွဲ့ဖြစ်တဲ့ KNU၊ CNF နဲ့ ABSDF တို့ဟာ စစ်တပ်ရဲ့တစ်ကျော့ပြန် အာဏာ သိမ်းမှုကြောင့် NCA မှာ လက်မှတ်ရေးထိုးထားပေမယ့် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုမပြုလုပ်ဘဲ တော်လှန်ရေးအင်အားစုတွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့နဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတာပါ။

အာဏာသိမ်းမှုဟာ NCA အခြေခံမူနဲ့ ရည်ရွယ်ချက်တွေကို ဖျက်ဆီးတာဖြစ်သလို ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကိုလည်း ပျယ်ပြယ်စေတဲ့အတွက် NCA ကို အခြေခံတဲ့ =လုပ်ငန်းစဉ်တွေနဲ့ ဆွေးနွေးပွဲလမ်းကြောင်းတွေ ရပ်တန့်သွားခဲ့တာလို့ တော်လှန်ရေး EAO သုံးဖွဲ့က ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်တပ်အာဏာသိမ်းလိုက်ကတည်းကိုက NCA စာချုပ်ဟာ အသက်မဝင်တော့ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“NCA စာချုပ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအပေါ်မှာ အခြေခံပြီး ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒီစစ်ကောင်စီကနေပြီးတော့ NCA စာချုပ်အခြေခံမူဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်း ချက်တွေကို ဖျက်သိမ်းပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းလိုက်ကတည်းကိုက NCA စာချုပ်ဟာ အသက်မဝင်တော့ပါဘူး၊ အဓိပ္ပာယ်လည်း မရှိတော့ပါဘူး”လို့ ဆိုပါတယ်။

အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ တစ်နိုင်ငံလုံးမှာ စစ်ကောင်စီကနေ ပြည်သူလူထုအပေါ် အ ကြမ်းဖက်ဖိနှိပ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကို အာဆီယံကနေ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပေမယ့် စစ်ကောင်စီကတော့ ဒီကနေ့အထိ မလိုက်နာဘူးလို့ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။

စစ်ကောင်စီကတော့ NCA စာချုပ် တရားဝင်တည်ရှိပြီး မပျက်ပြယ်ဘူးဆိုတဲ့ဟန်ပြနဲ့ နိုင်ငံတကာအပါအဝင် ပလဲနံပသင့်တဲ့ EAO အဖွဲ့တွေ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ NCA နှစ်ပတ်လည်မှာ ပွဲခံဦးမှာ ဖြစ်ပါတယ်။

အပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) ဟာ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ကတစ်ဘက်၊ အစိုးရ၊ တပ်မတော်၊လွှတ်တော်က တစ်ဘက် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတာပါ။

အဲဒီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေ ဖော်ဝါရီ ၁၃ ရက်နေ့မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့က NCA စာချုပ်မှာ ပါဝင်လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MRTV

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.