မော်လမြိုင်၊ အောက်တိုဘာ(၁၅)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မင်းရွာကျေးရွာအနီးမှာ စစ်ကောင်စီ တည်ဆောက်နေတဲ့ မော်လမြိုင်အချုပ်ထောင်သစ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

မော်လမြိုင်အချုပ်ထောင်သစ် တည်ဆောက်လုပ်နေတဲ့နေရာကို ဒီနေ့ အောက်တိုဘာ ၁၄ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်လောက်မှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံး ၃ လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။

ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်ခံရတာကြောင့် အချုပ်ထောင်ဗဟိုကင်းအမိုး၊ မျက်နှာကျက်၊ မှန်တံခါးတွေအပါအဝင် အဆောက်အဦးနေရာတချို့ ထိခိုက်ပျက်စီးတာတွေ ဖြစ်ပေါခဲ့ပေမယ့် ထောင်ဝန်ထမ်းတွေနဲ့ အလုပ်သမားတွေကတော့ ထိခိုက်တာမရှိဘူးလို့ သိရပါတယ်။

အချုပ်ထောင်သစ် ဒရုန်းဗုံးချတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အချုပ်ထောင်သစ်နေရာအနီးပတ်ဝန်းကျင်နဲ့ မော်လမြိုင်-ကျိုက်မရောကားလမ်းတလျှောက် ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

အသစ်တည်ဆောက်နေတဲ့ မော်လမြိုင်အချုပ်ထောင်အသစ်ကို ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်နေ့မှာ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနဲ့အတူ ပြည်ထဲရေးဝန်ကြီးဌာန၊အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေ လာရောက်စစ်ဆေးဖူးပါတယ်။

မော်လမြိုင်အချုပ်ထောင်သစ်မှာ ဗဟိုကင်း (၃) ထပ် အဆောက်အအုံ၊ အကျဉ်းသား (၂) ထပ်အိပ်ဆောင်၊ ထမင်းစားဆောင်၊ ခြံစည်းရိုးကာရံခြင်း၊ ဝန်ထမ်းအိမ်ယာတွေပါဝင်ပြီး တည်ဆောက်မှု ၉၅ ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီးလို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

မွန်ပြည်နယ်မှာ ဗဟိုအကျဉ်းထောင်၊အချုပ်ထောင်အပါအဝင် အကျဉ်းစခန်း ၁၁ ခုရှိပြီး အဲဒီထဲမှာ နိုင်ငံရေးအမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေကိုတော့ သထုံအကျဉ်းထောင်နဲ့ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာထားရှိတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MRTV

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.