ကော်သူးလေ၊ အောက်တိုဘာ(၁၅)

ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ဘေးရှောင်ပြည်သူ ၇ သိန်းကျော်အထိရှိလာပြီး အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအများအပြား လိုအပ်လျက်ရှိနေတယ်လို့ KNU ဗဟိုက အောက်တိုဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ သထုံခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဘိတ်၊ထားဝယ်ခရိုင်၊ ဖာပွန်ခရိုင်နဲ့ ဒူးပလာယာခရိုင်တွေထဲမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အခုနှစ်အောက်တိုဘာလအထိ စစ်ဘေးရှောင်ပြည်သူ ၇ သိန်းကျော်အထိ ရှိလာတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

KNU ညောင်လေးပင်ခရိုင်ထဲမှာ စစ်ဘေးရှောင်ဦးရေ ၂၄၀,၀၀၀ ကျော်နဲ့ အများဆုံးရှိခဲ့ပြီး ဒုတိယနဲ့ တတိယစစ်ရှောင်ဦးရေ အများဆုံးအဖြစ် သထုံခရိုင်မှာ ၁၄၀,၀၀၀ ကျော်၊ ဒူးပလာယာခရိုင်ထဲမှာ ၁၃၀,၀၀၀ နီးပါးရှိတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာ KNU နယ်မြေအတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေဟာ နေရာထိုင်ခင်းမလုံလောက်မှု၊ စားနပ်ရိက္ခာမလုံလောက်မှု၊ ဆေးဝါးမလုံလောက်မှု အခက်အခဲတွေ ရင်ဆိုင်နေကြရတယ်လို့ KNU က ဆိုထားပါတယ်။

အခုနှစ်အတွင်း KNU ဗဟိုရဲ့ နည်းလမ်းရှာစီစဉ်ပေးမှုနဲ့ စစ်ဘေးရှောင်ပြည်သူ ၂ သိန်းကျော်အတွက် ထိုင်းဘတ် ၉ သန်းနီးပါးကျသင့်တဲ့ အခြေခံစားသောက်ကုန်နဲ့ အခြားသောလိုအပ်ချက်တွေကို ကူညီပံ့ပိုးပေးနိုင်ခဲ့ပေမယ့် လိုအပ်တဲ့အထောက်အပံ့မရရှိသေးတဲ့ စစ်ရှောင်ပြည်သူများစွာ ကျန်ရှိနေသေးတဲ့အတွက် KNU က ပြောပါတယ်။

ဒါ့အပြင် အခုနှစ်ဆန်းပိုင်းမှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်အဟုန်တိုးမြှင့် လုပ်ဆောင်လာတာနဲ့အတူ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် စစ်ရှောင်ပြည်သူတွေမှာ အ ရေးပေါ်လူသားချင်း စာနာမှုအကူအညီအထောက်အပံ့တွေ များစွာလိုအပ်လျက်ရှိနေတယ်လို့ KNU က ထုတ်ပြန်အသိပေးထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.