ညောင်လေးပင်၊ အောက်တိုဘာ(၁၃)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး ၈ ဦး ဒဏ် ရာရရှိခဲ့တယ်လို့ KNU ဗဟိုက အောက်တိုဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ တစ်ရက်တည်း KNU ညောင်လေးပင်ခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျောက်ကြီးနဲ့ မုန်းမြို့နယ်ထဲကို စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ၄ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ် ရွာကန့်လန့်ကျေးရွာနေ အ သက် ၂ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံတွေ မွေးမြူထားတဲ့ နွား ၂ ကောင်မှာလည်း သေဆုံးခဲ့ရတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် KNU မုန်းမြို့နယ် ကျော်လှကျေးရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုမှာ အသက် ၁၄ အရွယ် မိန်းကလေးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကာ နေအိမ်တစ်လုံးလည်း ပျက်စီးသွားခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နောက်ထပ်လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ သနပ်ကွင်းကျေးရွာက အသက် ၇၄ အရွယ် ကျေး ရွာ ကျောင်းတိုက်ဆရာတော်တစ်ပါး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိတာ၊ နန္ဒမိတ်ကျေးရွာနေ အသက် ၂ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ညောင်လေးပင်ခရိုင်အတွင်း အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရရှိတာတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူတွေဟာ ကြောက်ရွံ့ထိတ်လန့်စွာနဲ့ အသက်ရှင်နေထိုင်နေကြရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

KNU ထုတ်ပြန်ချက်တွေအရ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အခုလ ၁၀ ရက်အတွင်း အရပ်သား ၂ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၅ လုံး ထိခိုက်ပျက်စီးသွားခဲ့သလို အမျိုးသမီး ၂ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့တယ်လို့ သိရပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ ၇သိန်းကျော်အထိ ရှိလာပြီလို့ KNU ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.