လိုင်ဇာ ၊ အောက်တိုဘာ ၁၁
စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက်ရှင်ကျန်ရစ်တဲ့ မုန်လိုင်ခက်စစ်ရှောင်စခန်းက စစ်ဘေးရှောင်ပြည်သူ ၆၀၀ နီးပါး အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်အရေးအကူအညီပေးနေသူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
ကချင်ပြည်နယ် လိုင်ဇာမြို့နဲ့ နှစ်မိုင်လောက်ဝေးတဲ့ မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စခန်းအတွင်းရှိ ကလေးသူငယ်အပါအဝင် အရပ်သားပြည်သူ ၂၉ ဦး သေဆုံးခဲ့ရပြီး ၅၇ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် အိမ်ထောင်စု ၁၃၃ စုရဲ့ အိုးအိမ်ပျက်စီးဆုံးရှံးခဲ့ရပြီး မုန်လိုင်ခက်စခန်းမှာ အသက်ရှင်ကျန်ရစ်တဲ့ စစ်ရှောင်ပြည်သူ အမျိုးသား ၂၇၀ ကျော်နဲ့ အမျိုးသမီး ၃၀၅ ဦးတို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။
ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ကိုဂျက်ကော့က မုန်လိုင်ခက်စစ်ရှောင်တွေဟာ တခြားနေရာမှာ ပြောင်းရွှေ့ခိုလှုံနေရတာမို့ နေထိုင်ဖို့ အဆောက်အဦးနဲ့ အစားအသောက်လိုအပ်ချက်ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုဒီဖြစ်ပျက်ခဲ့တဲ့ နေရာမှာရှိတဲ့ ပြည်သူတွေက တခြားနေရာမှာ ပြောင်းရွှေ့ပြီးနေထိုင်ရတယ်လို့ ကျွန်တော်တို့ သိရှိရတယ်။လူ့အခွင့်အရေးအပေါ် ကြည့်ရင် သူတို့က တခြားနေရာမှာ သွားခိုလှုံရတယ်ဆိုတော့ သူတို့နေထိုင်ဖို့ အဆောက်အဦးတွေ အစားအသောက်တွေ လိုအပ်ချက်ရှိပါတယ်ဗျ။အဓိက အရေးပေါ်လိုအပ်ချက်တွေ ရှိပါတယ်ဗျ”လို့ ဆိုပါတယ်။
Kachin Gender Star Group ကလည်း မုန်လိုင်ခက်စစ်ရှောင်တွေအတွက် စောင်၊အဝတ်အထည်၊ အိပ်ရာခင်း၊ဖျာ၊ခြင်ထောင်၊တဘက်၊ဖိနပ်၊ကလေးအနှီး၊မီးဖိုချောင်သုံးပစ္စည်းတွေ၊ကျောင်းသားကျောင်းသူတွေအတွက် အသုံးအဆောင်တွေနဲ့ စားရေးရိက္ခာလိုအပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်အရ မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုကြောင့် စစ်ရှောင်စခန်းအပြင် စာသင်ကျောင်း၊မူကြိုကျောင်းနဲ့ ဘုရားကျောင်း တစ်ကျောင်းစီ အပါအဝင် အရပ်သားလူနေအိမ်များစွာ ပျက်စီးဆုံးရှံးခဲ့ရတာပါ။
မုန်လိုင်ခက်စစ်ရှောင်စခန်းဟာ ၂၀၁၁ ခုနှစ်ကတည်းက ပြည်တွင်းနေရပ်ရွှေ့ပြောင်းရတဲ့ IDP စခန်းဖြစ်ပြီး စစ်တပ်ရဲ့ တစ်ကျော့ပြန်အာဏာသိမ်းမှုကြောင့် အခုနှစ် ဇူလိုင်လဆန်းအတွင်း စတင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ လာရောက်စုစည်း စစ်ရှောင်နေထိုင်ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံး (UN Myanmar) ကတော့ IDP စခန်းတွေဟာ ခိုလှုံရာနေရာတွေဖြစ်ပြီး အရပ်သားတွေ ဘယ်နေရာပဲရှိရှိ ဘယ်တော့အခါမှ ပစ်မှတ်မဖြစ်သင့်ဘူးလို့ စက်တင်ဘာ ၁၀ ရက်နေ့က သဘောထားထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရသူကလည်း မုန်လိုင်ခက်ဖြစ်စဉ်မှာ ကျူးလွန်သူတွေအနေနဲ့ တာဝန်ခံရမှာဖြစ်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနဲ့အညီ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးသင့်ကြောင်း UN Myanmar ကနေ စက်တင်ဘာ ၁၁ ရက်နေ့မှာ ထပ်မံထုတ်ပြန်ပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ – Simsa Kasa Multimedia