သရက်ချောင်း၊ အောက်တိုဘာ(၁၁)
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာကို အောက်တိုဘာ ၉ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်ကနေ မီးရှို့ဖျက်ဆီးတာတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
တပ်အင်အား ၈၀ ကျော် ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ရငဲကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာပါ။
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးထားတာကြောင့် ကနဦးမှာ နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက် စီးထားပြီး အရေအတွက်အတိအကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ဖျက်ဆီးခံထားရတဲ့ ရငဲကျေးရွာအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆက်လက်တပ်စွဲနေထိုင်နေတာကြောင့် ဒေသခံတွေက နေရပ်မပြန်ရဲသေးဘဲ အခြေအနေကို စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။
ရငဲကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်မှာ ရငဲရွာသား ဗိုလ်ရှင်းသန့် ဦးဆောင်ပါဝင်လာတာကြောင့် ဒေသခံပြည်သူတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေတာပါ။
အဲဒီစစ်ကြောင်းဟာ စက်တင်ဘာနောက်ဆုံးအပတ်ကစပြီး သရက်ချောင်းမြို့နယ်အတွင်းရှိ ရငဲ၊ ကမြိုင်၊ သိမ်ကုန်း၊ ဝဲရစ်၊ ကျောက်ခမောက်အပါအဝင်ကျေးရွာ ၁၀ ရွာလောက်ကို ရွာစဉ်လှည့် စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတာကြောင့် ကျေးရွာ ၁၀ ရွာက ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းဟာ ကတွဲရွာက နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို နေအိမ်တွေကိုလည်းဝင်မွှေပြီး တန်ဖိုးရှိတာတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media