ရေး၊ အောက်တိုဘာ(၁၁)
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့၊ မြသီတာဈေးအနီးမှာ အောက်တိုဘာ ၁၀ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရေးမြို့ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဦးအေးလွင်ဟာ နေအိမ်ကနေ ဆိုင်ကယ်နဲ့တစ်ဦးတည်းထွက်လာစဉ် အမည်မသိသေနတ်သမားတွေက ဆိုင်ကယ်နဲ့လိုက်လာပြီး အနီးကပ်သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူး ဦးအေးလွင်ဟာ ကျောကုန်းနဲ့ဝမ်းဗိုက်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေကြောင့် ရေးဆေးရုံကနေ မော်လမြိုင်ဆေးရုံထံ ပြောင်းရွှေ့ကုသထားရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်တဲ့ အုပ်ချုပ်ရေးမှူး ဦးအေးလွင်ကို ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သူရဲ့လူမှုကွန်ယက်စာမျက်မှာ ထုတ်ပြန်ထားပါတယ်။
ပစ်ခတ်ခံရတဲ့ဦးအေးလွင်ဟာ အုပ်ချုပ်ရေးမှူးဖြစ်တာ ၇ လကျော်သာ ရှိသေးသလို စစ်ကောင်စီ အားကိုးရတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြာအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တုန်းကလည်း ရေးမြို့ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော် ပစ်သတ်ခံရပြီးနောက် ဦးအေးလွင်ဟာ အုပ်ချုပ်ရေးအဖြစ် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media