“တပ်မတော်သားတွေကို ပညာသင်ခွင့်၊စာမေးပွဲဖြေဆိုခွင့်၊ အဝေးသင်တက်ခွင့်တွေကအစ အကုန်ပိတ်ထားတယ်၊အဓိကက တပ်ပြေးတွေ ပိုများလာမှာကို သူတို့ဘက်(စစ်ကောင်စီ) စိုးရိမ်နေတာ”
ပြည်သူ့ခုခံစစ်တွေကြောင့် တပ်အင်အားပြုန်းတီးမှုနဲ့အတူ စိတ်ဓာတ်ရေးရာပါ ကျဆင်းနေတဲ့ စစ်ကောင်စီတပ်တွင်း ရှေ့တန်းထွက် စစ်မတိုက်ချင်တဲ့အတွက် အမိန့်မနာခံမှုတွေ မြင့်တက်လာသလို တပ်ပြေးတွေလည်း ပိုများလာခဲ့တာပါ။
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ရဲ့ ပြည်သူ့ခုခံစစ် နှစ်နှစ်ပြည့် အစီရင်ခံစာအရ အာဏာသိမ်းကာလအတွင်း တပ်နဲ့ရဲတပ်ဖွဲ့ဝင် ၁၃၀၀၀ ကျော်ဟာ အကြမ်းမဖက်မှု အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု ပါဝင်ထားတယ်လို့ ထုတ်ပြန်ပါတယ်။
ဒါကြောင့် အာဏာသိမ်း စစ်တပ်တွင်း အခြေအနေတွေ ၊ CDM ဝင်ရောက်မှု၊ တပ်တွင်း ဖရဲသီး ရရှိမှုအပါအဝင် တပ်ပြေးများလာမှုအပေါ် စစ်အုပ်စုဘက်က ဘယ်လိုထိန်းချုပ်ဖို့ ကြိုးပမ်းတာတွေ ရှိနေလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး CDM ဝင်နိုင်ဖို့ ကူညီပေးနေတဲ့ မေမေ့ရင်ခွင့်အဖွဲ့တာဝန်ခံ ကိုမျိုးမြင့်အောင်နဲ့ ဆက်သွယ်မေးမြန်းချက်။
သံလွင်တိုင်းမ် – အရင်ဆုံး စစ်ကောင်စီ အရေးပေါ်သက်တမ်းထပ်တိုးပြီးတဲ့နောက် တပ်CDM ဝင်လာတဲ့အခြေအနေက ဘယ်လိုရှိလာပါသလဲ။
ကိုမျိုးမြင့်အောင်- CDMဝင်လာတဲ့နှုန်းက ပြည်သူ့ရင်ခွင်၊ပြည်သူ့သားကောင်တို့ မေမေ့ရင်ခွင် အကုန်လုံးCDMကူညီရေး အဖွဲ့အစည်းတွေ အားလုံးပေါ့ ၁၄၀၀၀ လောက်တော့ ရှိတယ်။အာဏာသိမ်းပြီးနောက်ပိုင်းမှာ တပ်တွင်းက အင်အားတွေ လျော့ပါးမှုအပိုင်းကျတော့ CDM ဝင်တဲ့နှုန်း တစ်ခုတည်းနဲ့တော့ ကြည့်လို့မရဘူး။
CDMဝင်လာတဲ့ နှုန်းရှိတယ်။ တပ်ကနေ ထွက်ပြေးသွားတဲ့ နှုန်းရှိတယ်။ ဖရဲသီးတွေရဲ့နှုန်းကိုပါ ထည့်တွက် ရတယ်။ကျွန်တော်တို့ဆီမှာ CDMဝင်လာတဲ့နှုန်းက တပ်နဲ့ရဲပေါင်းရင် ၁၄၀၀၀ လောက်ရှိတယ်။ နောက်သူတို့ဘက်က သွားတဲ့အင်အားဆို တပ်ပြေး၊ရဲပြေး ရှိမယ်။
သံလွင်တိုင်းမ် – တပ်တွင်းဖရဲသီးတွေရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ၊ သူတို့ရဲ့သတင်းပေးပို့ချက်တွေကို ဘယ်လိုစိစစ်နေပါသလဲ။
ကိုမျိုးမြင့်အောင်- ဖရဲသီးရဲ့အခြေအနေက ဖရဲသီးအင်အားက များလာတယ်။ တချို့တွေက ဘယ်လိုဆက်သွယ်ရမလဲ။ ဘယ်ကိုသတင်းပို့ရမယ်ဆိုတာ မသိလို့ဆိုတာမျိုးတွေလည်း ရှိတတ်တော့ အရင်တုန်းက အခြေအနေနဲ့ အခုအခြေအနေကွာခြားချက်က အရင်တုန်းက ဖုန်းဘေ ဘာညာကအစ ငွေကြေးထောက်ပံ့ရတာကအစ အဲလိုတွေရှိတယ်။ အခုနောက်ပိုင်းအခြေအနေကျတော့ ဖရဲသီးအင်အားက တော်တော်လေးများတယ်ပေါ့။
ဘာမှထောက်ပံ့စရာလည်း မလိုတော့ဘူး။ ဖရဲသီးတွေက Code ရဖို့ တောင်းဆိုတာရှိတယ်။ ငွေကြေးပိုင်းမလိုဘူး ဘာမှမလိုဘူး။ဒီလို Code လေးတော့ ရချင်တယ်ဆိုတဲ့အခါမှာ သူတို့တောင်းဆိုလာတယ်။ ဖရဲသီးမှာ ကျွန်တော်သတင်းပေးချင်တယ်ဆိုရုံလောက်နဲ့ ဒီအတိုင်းရမ်းသမ်းလက်ခံတာ မဟုတ်ဘူး။
ပြောရရင် ဝန်ထမ်းခန့်ထားရေးပေါ့။အစမ်းခန့်ကာလပေါ့၊ သူပေးတဲ့ သတင်းတွေ သူ့ရဲ့သတင်းခိုင်မာမှုရော ဘယ်လိုရှိလဲ။ သူပေးတဲ့သတင်းတွေအပေါ်မှာ မူတည်တယ်။ မြေပြင်သတင်းတွေပေါ့။ဘယ်လူကြီးက ဘယ်ယာဉ်တန်းနဲ့ ဘယ်တွေရှိမယ်ဆိုတာတွေက ကျွန်တော်တို့က မြေပြင်အဖွဲ့တွေနဲ့ တိုက်ဆိုင်စစ်ဆေးတယ်။
သူပေးတဲ့ သတင်းတွေကို သက်ဆိုင်ရာမြေပြင်ကို ပေးပို့တာရှိတယ်။ သတင်းခိုင်မာမှု ရှိမရှိကို မြေပြင်က အဖွဲ့တွေနဲ့ တိုက်ဆိုင်စစ်ဆေးတယ်။ မြေပြင်ကအဖွဲ့တွေက ရိက္ခာလမ်းကြောင်း၊ လူကြီးလမ်းကြောင်းလာတယ်ဆိုတာမျိုးမှာ မှန်ကန်တယ်ဆို ကျွန်တော်တို့ ပြန်ပြောတယ်။ သတင်းပေးတွေက တကယ်ကောင်းတဲ့ခိုင်မာတဲ့သတင်းပေးဆိုရင် ကျွန်တော်တို့ဘက်က အသိအမှတ်ပြုလုပ်ပေးပါတယ်။
သံလွင်တိုင်းမ်- စစ်ကောင်စီက တပ်တွင်း သတင်းပေးတွေ၊တပ်ပြေးများနေတဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ တပ်အတွင်းဘာတွေလုပ်ဆောင်နေတယ်လို့ သိရပါသလဲ။
ကိုမျိုးမြင့်အောင်- ဒီအချိန်မှာတော့ CDMများများမလုပ်ဖို့ အောက်ခြေတပ်သားတွေကို ချော့ပေါင်းလာရတယ်။ ခရီးသွားလို့မရအောင် မှတ်ပုံတင်တွေ သိမ်းထားကြတယ်။ အပြင်ကိုကိစ္စရှိလို့ လွှတ်တယ်ဆို တစ်ယောက်တည်း မလွှတ်တော့ဘူး။တပ်အပြင်ကို လုံခြုံရေးအကြောင်းပြပြီး အပြင်ထွက်ရင်အန္တရာယ်ရှိတယ်တို့ မင်းတို့အပြင်မသွားနဲ့ အန္တရာယ်ရှိလို့ မသွားခိုင်းတဲ့ပုံစံမျိုးတွေနဲ့ မသွားခိုင်းတာ တစ်ယောက်တည်း မလွှတ်တော့တဲ့ အခြေအနေမျိုးတွေ ရှိလာတယ်။
မှတ်ပုံတင်တွေသိမ်းထားတာမျိုးတွေ Smart Card လိုမျိုးတွေ ပြောင်းလဲလုပ်ကိုင်တာတွေ ။မနှစ်က ပညာသင်ကာလမှာ CDMဝင်သွားသူတွေများတယ်။ ဒီနှစ်တပ်မတော်သားတွေကို ပညာသင်ခွင့်၊စာမေးပွဲဖြေဆိုခွင့်၊ အဝေးသင်တက်ခွင့်တွေကအစ အကုန်ပိတ်ထားတယ်၊အဓိကက တပ်ပြေးတွေ ပိုများလာမှာကို သူတို့ဘက်(စစ်ကောင်စီ) စိုးရိမ်နေတာ၊ ဒါပေမဲ့ တကယ်ထွက်ချင်သူကတော့ နည်းမျိုးစုံနဲ့ ကျွန်တော်တို့ဆီ ရောက်လာမှာပဲ။
သံလွင်တိုင်းမ် – လက်ရှိ တပ်ထဲမှာ တာဝန်ထမ်းဆောင်နေဆဲ တပ်သားနဲ့မိသားစုတွေ နဲ့ CDM တပ်သားနဲ့မိသားစုတွေရဲ့ ဘဝအခြေအနေက ဘယ်လိုကွာခြားမှုတွေရှိနေလဲ။
ကိုမျိုးမြင့်အောင် – အရမ်းကွာသွားပြီ။ တပ်ထဲမှာ တပ်ကြပ်ကြီးတစ်ယောက်ဆို နှစ်သိန်းတစ်သောင်းလောက်ရတယ်။ စုကြေးငွေဖြတ်တယ်၊အသက်အာမခံကြေးတွေဖြတ်တယ်၊ ကိုဗစ်ချေးငွေတွေ ဖြတ်တယ်၊ အခြားသာရေးနာရေးကြေးတွေ ဖြတ်တယ်။တပ်ကြပ်ကြီးတစ်ယောက်ဆို များသောအားဖြင့် ကလေးတစ်ယောက်ရှိမယ် မိသားစုသုံးလေးယောက်လောက်တော့ ရှိနေတယ်။ တစ်လလုံးမှာ လေးသောင်းလောက်နဲ့ ဘယ်လိုများစားမလဲ။CDMက ဘာမှတာဝန်ထမ်းဆောင်စရာလည်းမလိုဘူး။စစ်သားတစ်ယောက်က CDMဝင်လာရင် လူလွတ်တစ်ယောက်ဆိုရင် တစ်သိန်းရတယ်။နောက်ကမိသားစုပါလာရင် နှစ်သိန်းရတယ်။ ကလေးတစ်ယောက်ပါလာရင် သုံးသိန်းဖြစ်သွားမယ်။ ကလေးနှစ်ယောက်ပါလာရင် လေးသိန်းဆိုလိုတာက တစ်သိန်းကနေ လေးသိန်းအထိ ပေးတယ်။ဒါက ဒီဘက်မှာ ဘာတာဝန်မှ ပြန်ထမ်းဆောင်စရာမလိုဘူး။တပ်ထဲမှာက နှစ်သိန်းတစ်သောင်းလောက် ပေးထားတယ်။ဟိုကြေးဒီကြေးတွေဖြတ်နဲ့ဆိုတော့ သူတို့လေးသောင်းခွဲလောက်ပဲ ကျန်တယ်။ ဒီအပြင်ကို သူတို့မိသားစုတွေက တာဝန်ထမ်းဆောင်ရသေးတယ်။ ကင်းစောင့်ရတာကအစ တပ်ထဲကလူတွေသိတယ်။ ဒီဘက်မှာတော့ ထောက်ပံ့တာတွေလည်း ရသေးတယ်။ ကိုယ့်ဘာသာ လွတ်လပ်စွာ အလုပ်လုပ်ခွင့်လည်း ရသေးတယ်။ ဒီဘက်မှာအလုပ်လုပ်တယ်။ CDMတွေကပဲ ထောက်ပို့ပြန်လုပ်တာရှိသေးတယ်။ သူတို့အလုပ်လုပ်တယ်။ ရလာတဲ့ထဲက ပိုလျှံတာကို အချင်းချင်းပြန်ကူညီတာမျိုးတွေ ရှိတယ်။
သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ CDM တွေကို တပ်တွင်းကထွက်ခွာနိုင်အောင်ကူညီပေးနေတဲ့အဖွဲ့တစ်ခုအနေနဲ့ လာမယ့်ပွင့်လင်းရာသီမှာ CDM ဝင်လာနှုန်း ဘယ်လိုရှိနိုင်လဲ။ဘာကြောင့်လဲဆိုတာ သုံးသပ်ပေးပါဦး။
ကိုမျိုးမြင့်အောင် – CDM ဝင်လာတဲ့နှုန်းက တိုးလာဖို့ရှိတယ်။ တိုးလာဖို့ဆိုတာက စစ်ကောင်စီဘက်က ဒီနှစ်ဆို ကျောင်းတက်ခွင့်မပေးတော့ဘူး။ ကျောင်းတက်ခွင့်မပေးတော့တဲ့ အခြေအနေမျိုးတွေ ဒီနှစ်စာမေးပွဲဖြေခွင့်မပေးတော့ဘူးဆိုတဲ့ အခြေအနေမျိုးတွေ ပေးတဲ့တပ်တွေလည်း ရှိတယ်။ တပ်မတော်သားတွေက ဘယ်အခြေအနေမှာ ဘယ်လိုမျိုးထွက်လာတတ်တယ်။ ဘယ်လိုပုံစံမျိုးတွေနဲ့ထွက်လာတတတ်တယ်ဆိုတာ ကျွန်တော်တို့အချိန်သိထားပြီးသားပါ။ CDMတွေကဝင်လာဖို့ များတယ်။ ကျွန်တော်တို့အနေနဲ့ CDMကိုဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ ကျွန်တော်တို့ အရမ်းကြီးမစိုးရိမ်ဘူး။ သူတို့က CDMမဝင်အောင်ဆိုပြီး တပ်ထဲမှာပိတ်ထားလေ၊ကျွန်တော်တို့က ဖရဲသီးအင်အားကတိုးလာလေပဲ။ တကယ်လို့ သူတို့ကို လွတ်လပ်စွာသွားလာခွင့်ပေးလိုက်တယ်ဆိုရင် CDM ဝင်ချင်တဲ့သူဝင်လို့ ဖွင့်ပေးလိုက်မယ်ဆိုရင် CDM ဝင်နှုန်းတိုးလာမယ်။သူတို့ကပိတ်ထားလေ ကျွန်တော်တို့အတွက် သတင်းရလေပဲ။ CDMဝင်လာပြီဆိုရင် ဒီဘက်မှာ ထောက်ပံကြေးတွေ ပေးတယ်။နေစရာတွေ စီစဉ်ပေးတယ်။ စားစရာရိက္ခာတွေ စီစဉ်ပေးရတဲ့အခါမှာ ကျွန်တော်တို့ဘက်မှာ တော်တော်လေး ဝန်ထုပ်ဝန်ပိုးဖြစ်တယ်။
လာတဲ့လူတိုင်းကို ကူညီမှာ လက်ခံမှာ။သူတို့ပိတ်ထားလေ ဖရဲသီးအင်အားက တိုးလာလေပဲ။ဖရဲသီးအင်အားက တော်တော်လေးလည်း အင်အားကောင်းတယ်။ MOD ကို တိုက်ရိုက်ပေးနေတဲ့သူတွေလည်း ရှိပါတယ်