ဘန်ကောက်၊ အောက်တိုဘာ (၁၂)
ကချင်ပြည်နယ်ရှိ မုန်လိုင်ခက်စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားအများအပြား သေဆုံးပြီး ဒဏ်ရာရရှိမှုသတင်းအပေါ် အလွန်စိုးရိမ်ပူပန်မိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံနဲ့ နယ်စပ်အနားမှာရှိတဲ့ ကချင်ပြည်နယ်မြောက်ပိုင်း လိုင်ဇာမြို့အနီး မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း အောက်တိုဘာ ၉ ရက်နေ့မှာ တိုက်ခိုက်ခံရတာကြောင့် ကလေးသူငယ် ၁၃ ဦး အပါအဝင် အရပ်သား ၃၀ ထက်မနည်း သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုဟာ စစ်တပ် အာဏာသိမ်းတဲ့ နှစ်နှစ်ကျော်ကာလအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှု တစ်ခုလည်း ဖြစ်ပါတယ်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဖြစ်စဉ်အပေါ် သူတို့ ကျူးလွန်တာ မဟုတ်ကြောင်း ငြင်းဆိုထားပြီး ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA) ရဲ့ ဒရုန်းသိုလှောင်ပေါက်ကွဲမှု ဖြစ်တယ်လို့ အောက်တိုဘာ ၁၀ ရက်နေ့မှာ စွပ်စွဲပြောဆိုထားတာပါ။
ကုလသမဂ္ဂအဖွဲ့ရဲ့ X ပလက်ဖောင်းမှာ “ကချင်ပြည်နယ်မှ ကနဦးသတင်းများအရ လိုင်ဇာအနီးရှိ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပါအဝင် အရပ်သားတွေ သေဆုံးခဲ့တဲ့ IDP စခန်းတိုက်ခိုက်ခံရမှုအပေါ် လွန်စွာစိုးရိမ်မိတယ် ”လို့ ဖော်ပြခဲ့ပါတယ်။
“IDP စခန်းတွေဟာ ဒုက္ခသည်တွေရဲ့ ခိုလှုံရာနေရာဖြစ်ပြီး အရပ်သားတွေက ဘယ်နေရာမှာပဲရှိစေကာမူ ဘယ်သောအခါမျှ ပစ်မှတ်မဖြစ်သင့်ပါ”လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံရှိ ဗြိတိန်သံရုံးကလည်း အပြစ်မဲ့ အရပ်သားတွေအသတ်ခံရတဲ့ သတင်းတွေကြောင့် ထိတ်လန့်ခဲ့ရတယ်လို့ အောက်တိုဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို လက်ခံနိုင်ဖွယ်မရှိဘူးလို့ပြောဆိုကာ မြန်မာစစ်တပ်ရဲ့ ပြည်သူလူထုအပေါ် ရက်စက်ကြမ်း ကြုတ်တဲ့ စစ်ဆင်ရေးကို ရပ်တန့်ရမယ်လို့လည်း ဗြိတိန်က ထပ်လောင်း သတိပေးထားပါတယ်။
အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရထိပ်ပိုင်းခေါင်းဆောင် အများအပြားကို ဖမ်းဆီးထားပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်ရ့ အာဏာသိမ်းမှုကြောင့် တိုင်းပြည် ဒီမိုကရေစီ အနာဂတ်မျှော်လင့်ချက်တွေ ပြိုကွဲပျက်စီးခဲ့ရပါတယ်။
အဲဒီအချိန်ကစပြီး အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဖြိုခွင်းမှုတွေ၊ သတင်းထောက်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းဆီးတာနဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အများအပြားကို ကွပ်မျက်ခြင်းတို့အပေါ် လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံဟာ အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေထဲမှာ နစ်မွန်းနေပြီး အဆုံးမရှိတဲ့ ပဋိပက္ခကြောင့် ရည်မှန်း ချက်တွေအတွက် ဆယ်ကျော်သက်တွေနဲ့ ဘွဲ့ရလူငယ်များ အများအပြားဟာ မြန်မာစစ်တပ်ကို တိုက်ခိုက်ဖို့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းခဲ့ကြတာဖြစ်ပါတယ်။
Ref: CNN