လိုင်ဇာ ၊ အောက်တိုဘာ ၁၁

ကချင်ပြည်နယ်၊လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှု ဆိုးဝါးစွာ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းခံခဲ့ရတာလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ တအောင်း၊ ကိုးကန့်၊ ရက္ခိုင့်အဖွဲ့အစည်းတို့က အောက်တိုဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ ည ၁၁ နာရီခွဲလောက်မှာ မုန်လိုင်ခက်စစ်ရှောင်စခန်းအတွင်း စစ်ကောင်စီကနေ ညအချိန်မတော် လက်နက်ကြီးတွေနဲ့ အဆက်မပြတ်မြောက်များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ညီနောင်သုံးဖွဲ့က ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ကလေးသူငယ် ၁၀ ဦး အပါအဝင် စစ်ရှောင်ပြည်သူ ၂၈ ဦး အစုလိုက် အပြုံလိုက် တစ်ပြိုင်နက်တည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၆၀ ကျော်အထိရှိခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်ခံရတဲ့ နေရာဟာ စစ်ရေးပစ်မှတ်မဟုတ်ဘဲ စစ်ဘေးရှောင်ပြည်သူလူထုတွေ ခိုလှုံနေထိုင်ကြတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုသာ ဖြစ်တယ်လို့ ညီနောင်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တချိန်တည်းမှာပဲ လိုင်ဇာရှိ ရက္ခိုင့်တပ်တော် AA တပ်စခန်းတစ်ခုအတွင်း စစ်ကောင်စီကနေ လက်နက်ကြီးတွေနဲ့ တစ်ပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် AA တပ်ဖွဲ့ဝင်တစ်ဦးလည်း ကျဆုံးခဲ့ရပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

အခုလို မိုက်တွင်းနက်နက်နဲ့ ဆိုးဝါးစွာ စစ်ရာဇာဝတ်မှုကျူးလွန်ခြင်းခံရပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူတွေအတွက် ညီနောင်မဟာမိတ်သုံးဖွဲ့က များစွာဝမ်းနည်းကြေကွဲရပြီး တရားမျှတမှုနဲ့ အမှန်တရားရရှိရေးအတွက် ကချင်ပြည်သူလူထု ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA နဲ့အတူ တစ်သွေးတည်း တစ်သားတည်းရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရေး၊စစ်ရေးနဲ့ အဘက်ဘက်မှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီအနေနဲ့ သူတို့ကို မထောက်ခံတဲ့ ပြည်သူတွေအပေါ် အငြိုးတေး အာဃာတကြီးစွာထားပြီး လက်နက် ကြီးတွေနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်နေတာ တရားလက်လွတ်သတ်ဖြတ်နေတဲ့လုပ်ရပ်တွေကို နိုင်ငံအနှံ့အပြားမှာ တွေ့ရှိနေရတယ်လို့ ဆိုပါတယ်။

အဲဒီလုပ်ရပ်တွေမှာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း စစ်ရာဇဝတ်မှုတွေကို ပြောင်ကျကျကျူးလွန်ခြင်းပင်ဖြစ်တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ တအာင်း၊ ကိုးကန့်၊ ရက္ခိုင့်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.