ပဲခူး – အောက်တိုဘာ(၁၁)
ပြည်သူတွေနဲ့ ပူးပေါင်းပြီး CDM ပြုလုပ်လာတဲ့ စစ်ကောင်စီတပ်ကြပ်ကြီး စာရေးနဲ့ သူ့ရဲ့ဇနီးကို ဂုဏ်ပြုဆုငွေချီးမြှင့်ပြီးနောက် ဘေးကင်းရာကို ပို့ဆောင်ပေးလိုက်တယ်လို့ Bago-PDF က သတင်းထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်း စစ်ဒေသခွဲ၊ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကဝမြို့နယ် – ပ.က.) က စစ်ကောင်စီတပ်ကြပ်ကြီးနဲ့ ဇနီးကို သူတို့သွားလိုတဲ့ နေရာပို့ဆောင်ပြီး ဆုငွေ(၁၁) သိန်းချီးမြှင့်ခဲ့တာပါ။
သူတို့တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင် (People’s Embrace) နဲ့ ချိတ်ဆက်ဆောင်ရွက်ကာ ကူညီစောင့်ရှောက်မှုတွေ ဆက်လက် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
ပဲခူးတိုင်း စစ်ဒေသခွဲအနေနဲ့ ပြည်သူတွေဆီ ခိုလှုံလာတဲ့ CDM တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဝမ်းပန်းတသာ ကြိုဆိုလက်ခံပြီး ကူညီစောင့်ရှောက်မှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေတဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ ပြည်သူ့ဘက်ကို အမြန်ဆုံးခိုလှုံပြီး CDM ဝင်ကြဖို့လည်း Bago-PDF က အသိပေးထားပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေနဲ့ ပူးပေါင်းခဲ့တဲ့ စစ်ကောင်စီ တပ်သားနဲ့ရဲ (၁၃၀၀၀) ကျော်ရှိပြီဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Bago – PDF