နေပြည်တော်၊ အောက်တိုဘာ(၁၁)
အာဏာသိမ်းကာလအတွင်း တရားမဝင်ကုန်သွယ်မှုတွေဟာ မော်တော်ယာဉ်၊ ရေယာဉ်၊ မီးရထားအပြင် ကုန်တင်လေယာဉ်တွေနဲ့ပါ ကုန်သွယ်မှုတွေအထိ ရှိလာတယ်လို့ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဝန်ခံပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။
ဒုစစ်ခေါင်းဆောင်က တရားမဝင်ကုန်သွယ်မှုတွေကို ပြီးခဲ့တဲ့နှစ်ကထက် ပိုမိုဖမ်းဆီးနိုင်ခဲ့သလို ဖမ်းဆီးရမိတဲ့ တန်းဖိုးတွေ များလာတာကြောင့် တရားမဝင်ကုန်သွယ်မှုတွေကို စေ့စေ့စပ်စပ်ဖော်ထုတ်ဖမ်းဆီးဖို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် သွင်းကုန်အပြင် ပို့ကုန်အပိုင်းတွေမှာပါ တရားမဝင် ကုန်သွယ်မှုတွေရှိနေဆဲ ဖြစ်တာကြောင့် တရားမဝင်ကုန်သွယ်မှုမရှိစေဖို့ အရင်ကထက် အထူးအဖွဲ့တွေနဲ့ ဖမ်းဆီးဖို့ တိုက်တွန်းခဲ့တာပါ။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ တရားမဝင်ကုန်သွယ်မှုတွေ ပေါ်ပေါက်လာရတာဟာ စစ်ကောင်စီလက်ထက် တင်းကျပ်တဲ့စည်းကမ်းချက်တွေကြောင့် တရားဝင်လုပ်ကိုင်ဖို့ အခက်အခဲရှိတာအပြင် စစ်ကောင်စီရဲ့ မူဝါဒအမှားတွေကြောင့် ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“တရားမဝင်ကုန်သွယ်မှုဆိုတာ တရားဝင်လို့ရှိရင် သူတို့က ဒေါ်လာထုတ်ပေးတာမရှိဘူး။ နံပါတ် (၁) အချက်က။ ပြီးရင် ကိုယ်တွေကနေ နိုင်ငံခြားကိုပစ္စည်းပို့တယ်ပဲထား။ နိုင်ငံခြားကို ပစ္စည်းပို့တယ်ဆိုရင် ပို့ကုန်ကနေ ပြန်ဝင်တယ်လေ။ ပြန်ဝင်တဲ့ပိုက်ဆံတွေကို အစိုးရပေါက်ဈေးနဲ့ တရားဝင်လဲရတာကွာ။ (၂၁၀၀)နဲ့စပြီး လဲရပြီလေ။ ဇာတ်လမ်းက အဲဒီမှာတင်ဘဲ တိုင်ပတ်ပြီ။ (၅၀) (၅၀) ဖြစ်လည်း ကိုက်မှမကိုက်တာ၊ သူက (၂၅) ရာခိုင်နှုန်းလောက်ကို သူတို့ကအစိုးရက အခွန်ဆိုတာလည်း သပ်သပ်ကောက်တယ်။ ကုန်သွယ်လုပ်ငန်းခွန်၊ အမြတ်ခွန်နှစ်မျိုးကောက်တယ်ကွာ။ တစ်ခါထပ်ပြီးတော့ ငွေသားအပေါ်မှာလည်း အခွန်သဘောမျိုး ထပ်ဖြတ်တယ်။ ဘယ်ကုန်သည်က တရားဝင်ပို့တော့မှာလည်းကွာ။ အကုန်လုံးက တရားမဝင်ဘဲ ပို့တော့မှာပေါ့။ သူတို့ရဲ့ မူဝါဒအလွဲတွေကြောင့်မို့ တရားမဝင်ကုန်သွယ်မှု ပေါ်ပေါက်လာတာ။ မူဝါဒတွေသာ မှန်ကန်လို့ရှိရင် ဘာမှတရားမဝင်ကုန်သွယ်မှုဆိုတာ ပေါ်ပေါက်လာစရာ အကြောင်းကိုမရှိဘူး။ နိုင်ငံတကာမှာလည်း မရှိဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင် ကုန်သွယ်ရေးတွေကို တရားဝင်လုပ်ဆောင်ပါကလည်း မလိုလားအပ်တဲ့ ကန့်သတ်ချက်တွေကြောင့် ခက်ခဲမှုရှိနေသလို ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် တရားမဝင်ကုန်သွယ်မှု ကြီးထွားလာရတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
တရားမဝင်ကုန်သွယ်မှုတွေကို လုပ်ဆောင်တဲ့နေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာတွေကို ကုန်ပစ္စည်းအနည်းအများ ပေါ်မူတည်ကာ ငွေကြေးတွေ ပေးဆောင်နေရတာကြောင့် တရားမဝင်ကုန်သွယ်မှု ကြီးထွားလာတာပါ။
စီးပွားရေးပညာရှင်တစ်ဦးကလည်း အခုအခြေအနေဟာ စစ်ကောင်စီမှာ ဘတ်ဂျက်လိုငွေ ပြနေတာကြောင့် အခွန်ရရှိဖို့အတွက် တရားမဝင်ကုန်သွယ်မှုတွေကို တင်းကျပ်တာဖြစ်သလို လိုငွေပြဿနာကို မဖြေရှင်းနိုင်ပါက ကုန်ဈေးနှုန်းနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေပါ မြင့်တက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“ဘတ်ဂျက်ပိုင်းမှာ လိုငွေပြနေတာလည်း အခုကဘာနဲ့ဖြည့်နေရလဲဆိုတော့ အခွန်ကလည်း အရင်ကလို သိပ်လောက်လောက် လားလားမရဘူး။ လူတွေက စီးပွား ရေး မကောင်းတာလည်းပါတယ်။ နောက်အခွန်ကိုရှောင်လို့ရတဲ့ နည်းလမ်းတွေနဲ့ ရှောင်နေကြတာလည်း ပါတာပေါ့။ နိုင်ငံတိုင်းမှာ အဲဒီလိုမျိုး အခွန်မရဘူးဆိုရင် အစိုးရရဲ့ စာချုပ်တွေ၊ ငွေကြေးစာချုပ်တွေ ထုတ်ရောင်းတာတွေရှိတယ်။ အဲဒီဟာကလည်း ဒီမှာကအများကြီး Active မဖြစ်ဘူး။ ဟိုးအရင်နှစ်တွေကတော့ ဒီ Deposit အကုန်လုံးရဲ့ (၇၀) ရာခိုင်နှုန်း (၈၀) ရာခိုင်နှုန်းကတော့ ဘဏ်တွေကို ငွေကြေးစာချုပ်တွေ ထုတ်ရောင်းပေးတယ်။ အဲဒီကနေပြီးတော့ Depositကို ဖြည့်ပေးတယ်။ အခုနောက်ပိုင်းတော့ အဲဒီလိုမျိုးရောင်းရတဲ့ အရေအတွက်က တော်တော်ကိုနည်းသွားတယ်။ ဘတ်ဂျက် Depositက ဘာဖြစ်လာမလဲဆိုရင် ငွေကြေးရိုက်ထုတ်တာတွေ ဖြစ်လာမယ်။ အဲဒီငွေကြေး ရိုက်ထုတ်လို့ရှိရင် ဈေးကွက်ထဲမှာ အကုန်လုံး ကုန်ဈေးနှုန်းတွေတက်မယ်။ ဒီနိုင်ငံခြားငွေလဲလှယ်နှုန်းတွေ တက်မယ်။ ရေရှည်မှာတော့ အဲဒီသက်ရောက်မှုက ရှိတယ်။ ရေရှည်ဆိုတာတောင်မှ သိပ်ရေရှည်ကြီး မဟုတ်ဘူး၊ ဒီ(၁)နှစ် (၂)နှစ် အတွင်းလောက်မှာ အဲဒီသက်ရောက်မှုကို မြင်ရလိမ့်မယ်လို့ ထင်တယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် တရားမဝင်ကုန်သွယ်မှုတွေ ပပျောက်ဖို့အတွက်ဆိုရင် စစ်ကောင်စီအနေနဲ့ တရားဝင်ကုန် သွယ်မှုဖြစ်အောင် မလိုလားအပ်တဲ့ ထုတ်ပြန်ချက်တွေကို ပြန်လည်ရုပ်သိမ်းဖိုနဲ့ သွင်းကုန်ပို့ကုန်တွေကိုလည်း ကန့်သတ်ချက်မထားဘဲ လွတ်လပ်စွာ ကုန်သွယ်ခွင့်ပြုဖို့ လိုအပ်တယ်လို့ သူကဆက်ပြောပါတယ်။
ဒုစစ်ခေါင်းဆောင်က မိမိတို့နိုင်ငံရဲ့ တရားမဝင်ကုန်သွယ်မှုဟာ ခေတ်အဆက်ဆက် ကျယ်ပြန့်စွာ အမြစ်တွယ် ကြီးထွားနေတာကြောင့် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သတိပေးပြောဆိုခဲ့တာပါ။
တရားမဝင် ကုန်သွယ်မှုအတွင်း သက်ဆိုင်ရာဌာနမှ ဝန်ထမ်းတွေ ပါဝင်နေတာကြောင့် ဝန်ကြီးဌာနတွေအနေနဲ့ ဆုပေး၊ ဒဏ်ပေးစနစ်ကျင့်သုံးပြီး ဝန်ထမ်းကောင်းတွေကို ထိုက်သင့်သလို ဂုဏ်ပြုဖို့လိုသလို စည်းမျဉ်းစည်းကမ်းဥပဒေ၊ တားမြစ်ချက်တွေဖောက်ဖျက်တဲ့ ဝန်ထမ်းတွေကိုလည်း ပြင်းပြင်း ထန်ထန် အရေးယူဖို့ ညွှန်ကြားခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဇူလိုင်လအတွင် တရားမဝင်ကုန်သွယ်မှု အမှုပေါင်း ၆၁၁ မှုကို ဖမ်းဆီးနိုင်ခဲ့ပြီး ကာလတန်ဖိုးသန်းပေါင်း တစ်သောင်းကျော်ရရှိခဲ့သလို ဩဂုတ်လအတွင်းကလည်း အမှုပေါင်း ၅၄၀ နဲ့ ကာလတန်ဖိုး သန်းတစ်သောင်းနှစ်ထောင်ကျော် ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- Myanmar Custom