လိုင်ဇာ၊ အောက်တိုဘာ (၁၀)

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA)ဌာနချုပ် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ကလေးငယ်တွေအပါအဝင် ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မုန်လိုင်ခက်စစ်ရှောင်စခန်း (IDPs camp)ကို မနေ့ အောက်တိုဘာ ၉ ရက်နေ့ ည ၁၁ နာရီအချိန်လောက်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ကလေးတွေအပါအဝင် အရပ်သားပြည်သူ ၃၀ ထက်မနည်း သေဆုံးပြီး ၆၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်လူ့အခွင့်အရေးအဖွဲ့(KHRW) က အောက်တိုဘာ ၁၀ ရက်နေ့ မနက်အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန် ကန့်ကွက် ရှုံ့ချကြောင်းနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာ ခုံရုံးသို့ အမြန်ဆုံးအရေးယူဆောက်ရွက်ပေးဖို့ ကချင်လူ့အခွင့်အရေးအဖွဲ့(KHRW) က တောင်းဆိုပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဒီတိုက်ခိုက်မှုမှာ လေယာဉ်အသံ မကြားရတာကြောင့် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့ သတင်းဌာနတချို့ကို ဖြေဆိုထားတာ ဖြစ်ပါတယ်။

မုန်လိုင်ခက်စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်မှုကို စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုထားတာ မရှိသေးသလို သံလွင်တိုင်းမ်အနေနဲ့လည်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးပါဘူး။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.