ပဲခူး၊ အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စံချိန်တင်ရေကြီးရေလျှံမှုနဲ့ ကြုံနေရပြီး လူပေါင်းတစ်သောင်းကျော် ရေဘေးသင့်နေသလို အရေးပြောင်းရွှေ့ရမယ့်သူတွေလည်း ထပ်ရှိနေသေးတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ ညပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ပဲခူးမြစ်ရေ မြင့်တက်လာတာ၊ အောက်တိုဘာ ၈ ရက်နေ့မှာလည်း ဇောင်းတူဆည်ကနေ စိုးရိမ်ရေမှတ်ကျော်လွန်ပြီး ရေတွေလွှတ်ချနေတဲ့အတွက် ပဲခူးမြို့တစ်ခုလုံး ရေကြီးရေလျှံမှုနဲ့ ကြုံနေရတာပါ။

“ဇောင်းတူဆည်က ရေပိုကျော်လာလို့ ရေလွှတ်တာကော မြစ်ရေတက်တာကောနဲ့ ရေက ပိုတက်လာတယ်၊ ရေကမြို့အနိမ့်ပိုင်းတွေမှာ လူ ၂ ရပ်ကျော်နဲ့ အမြင့်ပိုင်းတွေမှာ ၂ ပေလောက်တက်နေတာ၊ တစ်မြို့လုံးနီးပါး ရေကြီးနေတာ”လို့ ဒေသလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေကြီးရေလျှံမှုကြောင့် ပဲခူးမြို့ပေါ်က မြို့သစ်၊ ကျောက်ကြီးစု၊ကလျာဏီစတဲ့ရပ်ကွက်တွေအပါအဝင် ရပ်ကွက် ၁၁ ခုနဲ့ ဝါးပြန်၊ ကလိ၊ မုန်တိုင်း၊ ဘုရားကြီးစတဲ့ကျေးရွာတွေက ဒေသခံ ၁၀၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး ဘေးလွတ်ရာ ရေဘေးကယ်ဆယ်ရေးစခန်းတွေထံ ပြောင်းရွှေ့ထားရတာပါ။

ရေဘေးသင့်ပြည်သူတွေကို လတ်တလောမှာ ဇိုင်းတောင်၊ ဇိုင်းမြောက်၊ ကျွန်းသာယာရပ်ကွက် မင်္ဂလာဇေယျုံ၊ ပုဏ္ဍားစုရပ်ကွက် ဘုန်းကြီးကျောင်းတွေအပါအဝင် ကယ်ဆယ်ရေးစခန်း ၂၉ ခု ဖွင့်လှစ်ထားရပါတယ်။

ရေကြီးမှုကြောင့် ပဲခူးမြို့ရှောင်လမ်း ရွှေလှေကျေးရွာအနီးမှာ လမ်း ၆ ပေနီးပါး ပြိုကျပျက်စီးသွားခဲ့သလို ပဲခူးမြို့တွင်းရှိ MPT ဆက်သွယ်ရေးတာဝါတိုင် အထိုင်စက်တွေ ရေမြှုပ်နေတာကြောင့် MPT ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။

ပဲခူးမြစ်ရဲ့ စိုးရိမ်ရေမှတ်ဟာ ၈၈၀ စင်တင်မီတာရှိပေမယ့် အောက်တိုဘာ ၉ ရက်နေ့ မနက်ပိုင်း တိုင်းထွာချက်အရ ၁၀၀၄ စင်တင်မီတာ ကျော်နေပြီး စိုးရိမ်ရေမှတ်ထက် ၄ ပေကျော် မြင့်တက်နေတာ ဖြစ်ပါတယ်။

ပဲခူးမြို့ရေကြီးမှုကြောင့် ရေဘေးရှောင်ပြည်သူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့သောက်ရေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စက်လှေနဲ့ကူညီကယ်ဆယ်ရေးအင်အားတွေ လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.