ပေါင်းတည် – အောက်တိုဘာ(၉)
ပဲခူးတိုင်း၊ပေါင်းတည်မြို့နယ် အောင်သပြေကျေးရွာမှာနေထိုင်တဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးခေါင်းဆောင်ကို ပေါင်းတည်မြို့နယ်(ပ.က.ဖ) ကပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ(၇) ရက်နေ့ ည(၁၂) နာရီမှာ ပေါင်းတည်(ပ.က.ဖ) တပ်ခွဲ(၅) နွေဦး အဖွဲ့က သေနတ်နဲ့(၄) ချက်ပစ်ခတ်ပြီးရှင်းလင်းခဲ့တာပါ။
ပစ်ခတ်ရှင်းလင်းခံရတဲ့ ပျူစောထီးခေါင်းဆောင်ဟာ စစ်ကောင်စီတပ်မှာ စစ်သင်တန်း တက်ရောက်ထားသူဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင်သူဟာ စစ်ကောင်စီတပ်ကို မြို့နယ်အတွင်းတပ်စွဲခိုင်းတာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နေရာတွေကို ထောက်လှမ်းပြီး စစ်ကောင်စီတပ်ကို လမ်းပြတာတွေလုပ်ဆောင်နေသူဖြစ်တယ်လို့ ဆိုထားပါတယ်။
အဲဒီလိုလုပ်ဆောင်နေတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သတိပေးတာတွေလုပ်ဆောင်ခဲ့ပေမယ့် လိုက်နာမှုမရှိဘဲ ပိုမိုဆိုးရွားလာတာကြောင့် ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပဲခူးတိုင်းအတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေကို ပြတ်ပြတ်သားသား အရေးယူသွားဖို့ရှိတယ်လို့ ပဲခူး – PDF ကသတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Bago-PDF