ရေး၊ အောက်တိုဘာ(၈)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အခုနောက်ပိုင်းကာလတွေအတွင်း အမျိုးသမီးတွေ ပစ်မှတ်ထားလုယက်ခံရမှုတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က ရေးမြို့နယ်၊ ကွင်းရှည်နဲ့ကျောက်မိချောင်းကျေးရွာကြားမှာ ဆိုင်ကယ်မောင်းနှင်းလာတဲ့ လိပ်ပုတ်ကျေးရွာနေ ဒေါ်မိငယ်ကို အမျိုးသား ၃ ဦးက ဆိုင်ကယ်ရပ်ခိုင်းပြီး သေနတ်နဲ့ ပြခြိမ်းခြောက်ကာ ငွေကျပ် ၁၀ သိန်း လုယူသွားတာပါ။

စက်တင်ဘာပထမအပတ်အတွင်းကလည်း အစင်ကျေးရွာကနေ ရေးဘက်ကို ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသမီးငယ်တစ်ဦးကို ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုသား ၂ ဦးက ဆိုင်ကယ်ကိုကန်လှဲပြီး ပိုက်ဆံအိတ်နဲ့ဖုန်းတွေ လုယက်သွားခဲ့တဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပေါ်ထားပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ စက်တင်ဘာတစ်လအတွင်းမှာပဲ ရေးမြို့နယ်မှာ လုယက်ခံရမှု အကြိမ် ၂၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး အဲဒီထဲမှာဖြစ်စဉ်အများစုဟာ အမျိုးသမီးလုယက်ခံရတာ ဖြစ်ပါတယ်။

လုယက်ခံရတဲ့ ဖြစ်စဉ်တွေထဲမှာ သေနတ်ပြ ခြိမ်းခြောက်လုယက်တာ၊ ရိုက်နက်လုယက်တာအပြင် ဓားထောက်လုယက်တာအပြင် လူအသက်အန္တရာယ်တွေကိုပါ ကျုးလွန်တဲ့ လုယက်မှုတွေအထိ ရှိလာတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

အုပ်စုဖွဲ့လုယက်တွေဟာ ညပိုင်းအချိန်တွေထက် နေ့ခင်းပိုင်းတွေမှာ လုယက်မှုတွေ အများဆုံးကျူးလွန်နေတာဖြစ်ပြီး စစ်ကောင်စီရဲတပ်ဖွဲ့ဘက်ကလည်း ဖော်ထုတ်အရေးယူနိုင်တာ မရှိပါဘူး။

စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား အပြည့်အဝ မလည်ပတ်နိုင်တော့တဲ့ ရေးမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း တရားမဝင်းလောင်းကစားဝိုင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုမြင့်တက်လာ၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကြောင့် လုယက်မှုတွေ ပိုများလာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.