နေပြည်တော်၊ အောက်တိုဘာ(၈)

စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာအတွင်း စစ်တပ်ဘက်က အရာရှိတွေဟာ အရပ်ဘက်ဌာနဆိုင်ရာအကြီးအကဲနေရာတွေထံ ပြောင်းရွှေ့တာဝန်ယူမှု ပိုများလာတယ်လို့ နိုင်ငံရေးအကဲခတ်တွေနဲ့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။

အရပ်သားဝန်ထမ်းတွေက မိုးကျရွှေကိုယ်လို့ ခေါ်ဆိုကြတဲ့ စစ်တပ်ဘက်က အရာရှိတွေဟာ အာဏာသိမ်းကာအတွင်း အရပ်ဘက်ဌာနတွေထံ အသွင်းပြောင်းနေရာယူမှု တစထက်တစမြင့်တက်လာတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာနှောင်းပိုင်းမှာထုတ်ပြန်တဲ့ မြန်မာနိုင်ငံပြန်တမ်းပါ ဖော်ပြချက်အရ စစ်တပ်က ဗိုလ်ကြီးအဆင့်ရှိ အရာရှိ ၁၀ ဦးကို အရပ်ဘက်ဝန်ကြီးဌာနသုံးခုမှာ ဦးစီးအရာရှိနဲ့ လက်ထောက်မန် နေဂျာရာထူးအဖြစ် ပြောင်းရွှေ့တာဝန်ပေးထားတာ တွေ့ရပါတယ်။

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ကုန်းလမ်းညွှန်ကြားမှုဦးစီးဌာနမှာ ဦးစီးအရာရှိ ၂ ဦး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ လက်ထောက်မန်နေဂျာ တစ်ဦး၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ ကုန်သွယ်ရေးဦးစီးဌာနနဲ့ စားသုံးသူရေးရာဦးစီးဌာနမှာ ၅ ဦးဖြစ်ပါတယ်။

ဒါ့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှာ (ဒဏ်ရာရ တပ်ထွက်အရာရှိ) အီးအေ ၂ ဦးကိုလည်း ဦးစီးအရာရှိအဖြစ် ဩဂုတ်လအတွင်း တာဝန်ချပေးထားတာပါ။

အခုလို စစ်ဗိုလ်အရာရှိတွေ အရပ်ဘက်ဌာနတွေမှာ စစ်ကောင်စီက ပြောင်းရွှေ့ပေးလိုက်တာဟာ စစ်တပ်လွှမ်းမိုးတဲ့ စနစ်တစ်ခုကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေတာလို့ CDM လေတပ်တပ်ကြပ်ကြီး ဇေယျက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်အာဏာသိမ်းပြီး မိုးကျရွှေကိုယ်တွေကို အရပ်ဘက်ဆိုင်ရာတွေမှာ အောက်ခြေအဆင့်မဟုတ်ဘဲ ထိပ်ပိုင်းရာထူးတွေကို ပြောင်းရွှေ့တဲ့ အဓိကတော့ဗျာ။ ရှင်းရှင်းပြောရရင် သူတို့ဖန်တီးထားတဲ့ စနစ်တစ်ခုကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ချက်ရှိရှိ ထည့်တာပေါ့။ ဘာလို့ဆို သူတို့ကစစ်သား စစ်သားချင်းလုပ်ရတာ ပိုအဆင်ပြေတယ်ဆိုတဲ့ Mindset (အတွေးအမြင်)ပေါ့။ နိုင်ငံတစ်နိုင်ငံလုံးကို စစ်တပ်လွှမ်းမိုးတဲ့ စနစ်တစ်ခုကို ဖန်တီးနေတာပေါ့။ ပညာရေးမှာ စစ်တပ်လွှမ်းမိုးတဲ့ဝါဒကို ထူထောင်ဖို့ ပညာရေးစနစ်ကို သူတို့ (စစ်တပ်) ဖန်တီးခဲ့တာပေါ့”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီရဲ့ အရပ်ဘက်ဌာန ပြောင်းရွှေ့မှုမှာ ဗိုလ်မှူးကြီးအဆင့်ကို ညွှန်ကြားရေးမှူး၊ ဒုတိယဗိုလ်မှူးကြီးအဆင့်ကို ဒုတိယညွှန်ကြားရေးမှူး၊ ဗိုလ်မှူးအဆင့်ကို လက်ထောက်ညွှန်ကြားရေးမှူး၊ ဗိုလ်ကြီးအဆင့်ကို ဦးစီးအရာရှိ အဆင့်အထိ နေရာပေးထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အစိုးရအဆက်ဆက်ရဲ့ အုပ်ချုပ်မှုစနစ်အောက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဘက်အရာရှိတွေဟာ အရပ်ဘက်ဌာနတွေမှာ ထိပ်ပိုင်းရာထူးနေရာယူပြီး အလိုအလျောက်ခန့်အပ်ခြင်း ခံခဲ့ရတာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ဖြစ်ပေါ်လာတဲ့ ဒီမိုကရေစီအစိုးရ သမ္မတ ဦးသိန်းစိန်လက်ထက်မှာလည်း အလားတူ မိုးကျရွှေကိုယ်တွေဟာ အရပ်ဘက်ဌာနတွေမှာ စိုးမိုးခဲ့သေးသလို NLD အစိုးရလက်ထက်မှာတော့ စစ်ဘက်ကနေ အရပ်ဘက်ပြောင်းရွှေ့မှု လျော့ကျသွားခဲ့ပါတယ်။

ဒါပေမယ့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တိုက်ပွဲထဲမပါဝင်ချင်တဲ့ စစ်ဗိုလ်အရာရှိတွေဟာ အကြောင်းပြချက်အမျိုးမျိုးနဲ့ အရပ်ဘက်ကို ကူးပြောင်းဖို့ တင်ပြလာတာတွေ အရင်ကာလတွေထက် ပိုများတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“မင်းအောင်လှိုင်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပိုများလာတာပေါ့။ ဒါပေမယ့် အခုများပြားလာတဲ့အကြောင်းကတော့ စစ်အရာရှိတွေက တိုက်ပွဲထဲမှာ မပါဝင်ချင်တာ၊ အထိမခံချင်တာ။ အဲဒါကြောင့် ကျန်းမာရေးအကြောင်းပြချက်အမျိုးမျိုးနဲ့ ပိုပြီးတော့ အရပ်ဘက်ကို ပြောင်းတဲ့သူတွေ ပိုပိုပြီး များလာတာ ဖြစ်ပါတယ်။ အရပ်ဘက်ကူးပြောင်းဖို့ စစ်တပ်ထဲက တင်ပြလာတဲ့အရာရှိတွေ ပမာဏဟာ အလွန်များပြားပါတယ်။ အတိုင်းအတာဘယ်လောက်ရှိလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမယ့် အခုချိန်မှာ တပ်ထဲက စစ်ဗိုလ်အရာရှိတွေ အားလုံးနီးပါးလောက်က တိုက်ခိုက်ရေးတပ်ဖွဲ့ကနေ အရပ်ဘက်ကိုပြောင်းလဲဖို့ ကြိုးပမ်းမှုဟာ အရင့်အရင်ကာလတွေထက် အဆများစွာပိုမိုပြီး များပြားနေတယ်။ စာရင်းဇယားဘယ်ရွေ့ ဘယ်မျှဆိုတာတော့ ကျွန်တော်တို့ သိခွင့်မရပါဘူး”လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံ့အာဏာကို သိမ်းယူပြီး ၇ လကျော်အကြာမှာ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်မှူးကြီးတစ်ဦးနဲ့ ဒုတိယဗိုလ်မှူးကြီးတစ်ဦးကို ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ကျောင်းအုပ်ကြီးနဲ့ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် စတင်ခန့်အပ်ခဲ့တာပါ။

အဲဒီနောက်ပိုင်း မြန်မာနိုင်ငံပြန်တမ်းရဲ့ ဖော်ပြချက်အရ အခုနှစ်ဆန်းပိုင်းကနေ ဇွန်လအထိ ခြောက်လတာအတွင်း စစ်ဘက်အရာရှိ ၄၀ ကို မြန်မာ့စီးပွားရေးဘဏ်၊ ရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ စီးပွားကူးသန်းစတဲ့ ဝန်ကြီးဌာနတွေမှာ ပြောင်းရွှေ့တာဝန်ပေးထားတာ ဖြစ်ပါတယ်။

စစ်တပ်အရာရှိတွေကို အရပ်ဘက်ဌာနတွေထံ ပြောင်းရွှေ့တာဝန်ပေးတာဟာ စစ်တပ်လွှမ်းမိုးတဲ့ အုပ်ချုပ်ရေးစနစ် ခိုင်မာလာအောင် အကောင်ထည်ဖော်တာဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီမှာ အရပ်သားတချို့ကို ထည့်သွင်းထားပေမယ့် အဲဒီစစ်ကောင်စီကို စစ်ဗိုလ်ချုပ်တွေကပဲ ထိန်းချုပ်ထားတာ ဖြစ်သလို ဝန်ကြီးဌာနတွေမှာလည်း စစ်ဗိုလ်ချုပ်တွေနဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေက နေရာယူထားတာ ဖြစ်ပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.