ထားဝယ်၊ အောက်တိုဘာ(၈)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသမှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး နေ့စဉ်ရက် ဆက်တိုက်ပွဲတွေ ဖြစ်ပွားနေသလို တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးတာတွေ ရှိနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကနေ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကစပြီး တပ်အင်အား ၁၀၀ နီးပါး ပါတဲ့ စစ်ကောင်စီတပ်ကနေ ထားဝယ်အရှေ့တောဒေသထဲ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ရေဝိုင်းနဲ့ပခက်အင်းကျေးရွာတို့မှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်ပွားလာတာပါ။
အောက်တိုဘာ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ၃ ရက်အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲ ၆ ကြိမ်ထက်မနည်း ဖြစ်ပွားထားပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေဆုံးထားသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဘက်ကလည်း ရဲဘော်တစ်ဦး ကျဆုံးထားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီ စစ်ကြောင်းဟာ ရေဝိုင်းနဲ့ ခေါင်တိုင်ပြင်ကျေးရွာအနီး ပတ်ဝန်းကျင်မှာ ဆက်လက်တပ်စွဲနေထိုင်နေတာကြောင့် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတာ ဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် ပခက်၊ ရေဝိုင်း၊ ခေါင်တိုင်ပြင်၊ ကင်းကုန်း၊ မြင်းမတ်တပ်၊ ပိန္နဲချောင်း၊ ဟာမြင်းကြီးစတဲ့ ကျေးရွာတွေက ဒေသခံ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။
တနင်္သာရီတိုင်းမှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ အကြိမ် ၅၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးတာတွေလည်း ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media