ကော့ကရိတ်၊ အောက်တိုဘာ(၈)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း အနီးအနားရှိ လမ်းသွားလမ်းလာပြည်သူတွေဖြစ်ကြတဲ့ ကလေးတစ်ဦးအပါအဝင် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက် ညနေ ၄ နာရီအချိန်ခန့်က ကော့ကရိတ်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ဓမ္မရာမဘုန်းကြီးကျောင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ကို ပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ဗုံးသီး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီဗုံးသီးဟာ ဓမ္မရာမဘုန်းကြီးကျောင်းအနီး လမ်းပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာပြည်သူတွေဖြစ်ကြတဲ့ အမျိုးသားတစ်ဦးနဲ့ အသက် ၁၀ နှစ်အရွယ် ကျောင်းသားတစ်ဦး စုစုပေါင်း ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရလူနာနှစ်ဦးထဲက အမျိုးသားတစ်ဦးကို ကော့ကရိတ်ဆေးရုံကတစ်ဆင့် ဘားအံဆေးရုံကို လွှဲပြောင်းပို့ဆောင်ကာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီနေ့ညနေ ၅ နာရီအချိန့်ကလည်း ဓမ္မရာမဘုန်းကြီးကျောင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ် ဒုတိယအကြိမ် ဒရုန်းနဲ့ထပ်မံဗုံးကြဲတိုက်ခိုက်ခံရပေမယ့် ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

ကော့ကရိတ်မြို့ပေါ်နဲ့ ကော့ကရိတ်မြို့ အပြင်ဘက် ပတ်ဝန်းကျင်နေရာ ကျေးရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု၊ တော်လှန်ရေးအင်အားစုအဖွဲ့တွေရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မကြာခဏဆိုသလို ဒေသခံပြည်သူတွေရဲ့ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုတွေ ဖြစ်ပွားလျက်ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်ကလည်း ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၉၇ တပ် ရင်းက လက်နက်ကြီးနဲ့ ၃ ကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် အံဖကြီးကျေးရွာထဲကို ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ကာ အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားတာပါ။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ရဲ့ ထုတ်ပြန်ထားချက်အရ စစ်တပ်အာဏာသိမ်း ၂ နှစ် ကျော်ကာလအတွင်း KNU-ဒူးပလာယာခရိုင်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၆ ဦး သေဆုံးပြီး ၉၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.